Sunday, June 3, 2012

 ထိုင်းနိုင်ငံမှ The Nation သတင်းစာအယ်ဒီတာ Tulsathit Taptin နှင့် တွေ့ဆုံခြင်း


'စစ်တပ်က နိုင်ငံရေးနဲ့ ကင်းရှင်းနေဖို့ဆိုရင် ရိုးသားပွင့်လင်းတဲ့ ဒီမိုကရက်တစ်အစိုးရ ဖြစ်ရပါမယ်။ တရားဥပဒေစိုးမိုးမှု ရှိရပါမယ်။ လွတ်လပ်ပြီး အားကောင်းတဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်။ နောက်ပြီး အကျင့်ပျက်ခြစားမှုတွေ နည်းပါးရပါမယ်။'
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒီမိုကရေစီ ကျင့်သုံးမှု၌ အခြားနိုင်ငံများထက် ပိုမိုအားကောင်းခဲ့သည့် အစဉ်အလာရှိသလို မြန်မာနိုင်ငံနည်းတူ တပ်မတော်မှ အာဏာသိမ်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံရေးသမိုင်းတွင် တပ်မတော်က အဓိကနေရာမှ ပါဝင်ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းလည်း ရှိခဲ့သည်။
ထိုင်းတပ်မတော်သည် နိုင်ငံရေးတွင် လိုအပ်ပါက ၀င်ရောက် ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဆိုသည့် အယူအဆ ကို ယုံကြည်စွဲကိုင်ထားမှုမှာလည်း ရှိနေသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံနှင့် တူညီသည့် သမိုင်းအစဉ်အလာများ ရှိနေသည့် ထိုင်းနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံမှ The Nation သတင်းစာ အယ်ဒီတာ Tulsathit Taptin အား
Eleven Media Group က ရန်ကုန်မြို့တွင် မေလ ၃၀ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သည်။ တွေ့ဆုံမေးမြန်းမှုတွင် အယ်ဒီတာ Tulsathit Taptin က ထိုင်းတပ်မတော်က အာဏာ သိမ်းနိုင်မည့် အလားအလာ၊ ၀န်ကြီးချုပ် ယင်လပ်ခ်အစိုးရ၏ လုပ်ဆောင်မှုသည် ပြည်သူများအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက်သာ ဆောင်ရွက်မှုများ ရှိလာပါက ကြုံတွေ့လာနိုင်သည့် အခြေအနေ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး၊ လာဘ်စားမှုမရှိရေး၊ လွတ်လပ်ဖွံ့ဖြိုးသည့် မီဒီယာရှိရေး အရေးကြီးပုံ အစရှိသည်တို့ကို ပြောကြားခဲ့သည်များအနက် အချို့ကို ဖော်ပြလိုက်ပါသည်။
မေး - ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ တပ်မတော်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ နောက်ပြီး တပ်မတော်ကနေ အာဏာသိမ်းခဲ့တာကလည်း မနည်းပါဘူး။ ဘယ်လို အကြောင်းတရားတွေက ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာအောင် တွန်းပို့ခဲ့ပါသလဲ။
ဖြေ - သက်ဆင် ၂၀၀၁ခုနှစ်မှာ အာဏာရလာပြီးနောက်ပိုင်း အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက် ခြစားမှု အစရှိတဲ့ ပြဿနာ တော်တော်များများ ရှိလာပါတယ်။ ဒီအခါမှာ စစ်တပ်ကပြန်ပြီး သက်ဝင်လှုပ်ရှားလာပါတယ်။ ၂၀၀၆ ခုနှစ်မှာ စစ်တပ်ဟာ သူ့ကို အာဏာကနေ ထုတ်လိုက်ပါတယ်။ ဒီအာဏာသိမ်းမှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းကနေ ဝေဖန်ခဲ့ကြပါတယ်။ တချို့က သက်ဆင်ဟာ ပြည်သူတွေရဲ့ ရွေးချယ်တင်မြှောက်ခံထား ရတဲ့သူဆိုပြီး ပြောခဲ့ကြပါတယ်။ ဒါကြောင့် ထိုင်းစစ်တပ်ဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အ စိုးရကို ဘာကြောင့် ဖြုတ်ချခဲ့ရတာလဲဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။
မေး - နိုင်ငံရေးမှာ တစ်စုံတစ်ခု လွဲချော်နေတာ၊  နိုင်ငံရေးအရ အကျင့်ပျက် ခြစားမှုရှိခဲ့တယ်ဆိုရင်လည်း စစ်တပ်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ 
ဖြေ - ၂၀၀၆ ခုနှစ်မတိုင်မီ အာဏာသိမ်းမှုတွေမှာတော့ ခင်ဗျားပြောသလိုပဲ စစ်တပ်က ထိုင်းနိုင်ငံမှာ ပြဿနာ တစ်စုံတစ်ရာဖြစ်တိုင်း သူတို့အနေနဲ့ ၀င်ရောက်စွက်ဖက်မယ် ဆိုတဲ့အတွေးနဲ့ လုပ်ခဲ့တာပါ။ ၂၀၀၆ ခုနှစ် မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သက်ဆင်ဟာ အာဏာကို သူ့ကိုယ်ပိုင်စီးပွားရေးအတွက်ပဲ သုံးနေလို့ ဖြစ်ပါတယ်။ သက်ဆင် အာဏာရလာတုန်းက ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေက စီးပွားရေး သမားတစ်ယောက် ၀န်ကြီးချုပ်ဖြစ်လာတာကို ခွင့်မပြုပါဘူး။ ဘာကြောင့်လဲဆိုတော့ အကျိုးစီးပွား ၀ိရောဓိတွေဖြစ်လာမှာ စိုးလို့ပါပဲ။ ခင်ဗျားအနေနဲ့ ၀န်ကြီးချုပ်လုပ်နိုင်တယ်။ စီးပွားရေးသမား လုပ်နိုင်တယ်။ ဒါပေမယ့်လို့ တစ်ပြိုင်နက်တည်း ဒီနှစ်ခုကို လုပ်လို့ မရပါဘူး။ အဲဒီအချိန်တုန်းက သက်ဆင်က ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ သူက နိုင်ငံရေးမှာလည်း ၀င်ရောက် ကစားချင်တယ်။ အဲဒီလိုလုပ်လို့ မရဘူးလို့ လူတော်တော်များများက ပြောကြပါတယ်။ ဖွဲ့စည်းပုံအခြေခံက ခွင့်မပြုဘူးလို့။ အဲဒီတော့ သူလုပ်တဲ့ဥစ္စာကတော့ ဆက်သွယ်ရေးကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို သူ့သားကို လွှဲပေးလိုက်တယ်။ ဒီလိုမျိုးလုပ်တာကတော့ စာရွက်ပေါ်မှာပါပဲ။ ဒါပေမယ့်လို့ ဒီဆက်သွယ်ရေးကုမ္ပဏီကို ဆက်လက် ချုပ်ကိုင်ထားဆဲပါပဲ။ သူ့အစိုးရကနေပြီး လုပ်လိုက်တဲ့ မူဝါဒ တော်တော်များများဟာ သူ့ဆက်သွယ်ရေး ကုမ္ပဏီကို အကျိုးကျေးဇူး အများကြီး ဖြစ်စေခဲ့ပါတယ်။ အဲလိုမျိုးလုပ်တဲ့အတွက် သူ့ရဲ့စီးပွားပြိုင်ဘက်တွေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သက်ဆင်ဟာ အခွန်ငွေတွေကို ဆင်းရဲသားတွေအတွက် အသုံးချခဲ့ပါတယ်။ သူ့ကိုထောက်ခံဖို့အတွက်ပါ။ နောက်ပြီး သူ့ရဲ့ လွဲမှားတဲ့လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက်လည်း ဆင်းရဲသား တွေဆီက ထောက်ခံမှုကို ရရှိဖို့ ကြိုးစားခဲ့တယ်။ ဒါဟာ လုံးဝကိုရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်ရပ်တစ်ခု ဖြစ်တယ်။ တစ်ဖက်ကလည်း သူက တရားမ၀င်တဲ့ လုပ်ရပ်တွေလုပ်ပြီး အကျင့်ပျက်မှုရှိသလို တစ်ဖက်ကလည်း ဆင်းရဲသားတွေအတွက် အခွန်ငွေကို ပြန် လည် အသုံးပြုခဲ့တာတွေ ရှိတယ်။ ဒါကြောင့်လည်း သူဟာ ရွေးကောက်ပွဲမှာ ခဏခဏ အနိုင်ရခဲ့တယ်။ ဒါနဲ့ပဲ အခြေအနေတွေဟာ သံသရာတွေ လည်နေတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွက် အဆုံးမရှိတဲ့ အခြေအနေ တစ်ခုလိုဖြစ်လာတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေလည်း တောင်အမေရိကမှာ ဖြစ်ခဲ့ဖူးတယ်။ ထိုင်းနိုင်ငံက လူလတ်တန်းစားတွေက သက်ဆင်ကို အရမ်းစိတ်ဆိုးလာကြတယ်။ သူ့ကို အာဏာကနေ ဆင်းသွားဖို့ လိုလား လာကြတယ်။ သူက ၀န်ကြီးချုပ်တစ်ယောက် အနေနဲ့ အရမ်းကို ဉာဏ်များလွန်းတယ်။ ဒါကြောင့်လည်း ၂၀၀၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကို လူလတ်တန်းစားက တစ်နည်းနည်းဖြင့် ထောက်ခံခဲ့တယ်။ အတိတ် တုန်းကဆိုရင်တော့ အာဏာသိမ်းမှုတိုင်းကို လူလတ်တန်းစားက ဆန့်ကျင်ခဲ့ကြတယ်။ စစ်တပ်က အာဏာသိမ်းမှုတိုင်း သူတို့က''ဟေ့ရပ်၊ ငါတို့ ဒီမိုကရေစီကိုပဲ လိုလားတယ်''ဆိုပြီး စပြော ခဲ့ကြတာပါ။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ သူတို့ဟာ သက်ဆင်ကို စိတ်ကုန်နေကြတဲ့အတွက် အာဏာသိမ်းတာနဲ့ပတ်သက်လို့ ဘာမှ မဆန့်ကျင်ခဲ့ကြတော့ဘူး။
မေး - ဒါဆိုရင် အမြစ်တွယ်နေတဲ့ ဒီအကျင့်ပျက်ခြစားမှုတွေ ဖြေရှင်းနိုင်ဖို့ လွယ်ပါ့မလား။
ဖြေ - ဒါကတော့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားရမှာပါပဲ။ သက်ဆင် အာဏာရလာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခြစားမှုမရှိရေးအတွက် အကောင်းဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ယူဆလို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေက စီးပွားရေးသမားတွေ နိုင်ငံရေးလုပ်ဖို့ကို တားမြစ်ထားလို့ပါပဲ။ သက်ဆင် အာဏာရလာပြီးနောက်ပိုင်းမှာ ခြစားမှုပြဿနာက ပိုကြီးလာတယ်။ ၀န်ကြီးချုပ်တစ်ယောက်က နိုင်ငံရဲ့ အခွန်ဘဏ္ဍာငွေ များများရရှိဖို့ လုပ်ရမယ့်အခါမှာ သူက ဆက်သွယ်ရေးကုမ္ပဏီ အကြီးအကဲဖြစ်နေတော့ သူရဲ့ကုမ္ပဏီကို အခွန်များများ ချမလား၊ နည်းနည်းချမလားဆိုတဲ့ ပြဿနာ ကြုံလာခဲ့ပါတယ်။
မေး - ဒီလိုဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ကောင်းကောင်းရှိဖို့ လိုပါတယ်။ တရားရုံးအနေနဲ့ ၀န်ကြီးချုပ်အပါအ၀င် ဘယ်အစိုးရ အဖွဲ့ဝင်ကိုမဆို အပြစ်ရှိခဲ့လို့ရှိရင် ပြစ်ဒဏ် ချမှတ်နိုင်ရပါမယ်။ ဒါကိစ္စကလည်း ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြဿနာတစ်ခု ဖြစ်လာပါတယ်။ သက်ဆင်ကနေပြီး တရား ရုံးတွေကို ဒီမိုကရက်တစ် မကျဘူး၊ မမျှတဘူးဆိုပြီး ဆက်တိုက် ဝေဖန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုတရားရုံးတွေက ဆန့်ကျင်ကြလို့ပါပဲ။ နောက်ပြီး သက်ဆင်ညီမက အခုထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဆိုတဲ့အချက်နဲ့ သက်ဆင် အခုထိုင်းနိုင်ငံကို ပြန်လာလို့ မရသေးဘူးဆိုတဲ့အ ချက်တွေဟာ ထိုင်းနိုင်ငံရဲ့ သိသာထင်ရှားတဲ့ အခြေအနေကို ထင်ဟပ်နေတယ်လို့ ပြောလို့ရပါတယ်။ သက်ဆင်ညီမက ၀န်ကြီးချုပ်ဖြစ်နေတယ်။ သူ့မှာ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်နိုင်တဲ့ အာဏာရှိနေတယ်။ ဒါက ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ဘယ် လောက် အားကောင်းတယ်ဆိုတာကို ပြနေတယ်။ တခြားနိုင်ငံတွေမှာဆိုရင် တရားခံပြေးတစ်ယောက်ရဲ့ညီမက အစိုးရအဖွဲ့တစ်ဖွဲ့ကို မဖွဲ့နိုင်ဘူး။ အခု ထိုင်းနိုင်ငံမှာတော့ တရားခံပြေးတစ်ယောက်ရဲ့ညီမဟာ ၀န်ကြီးချုပ်ဖြစ်နိုင်တယ်။ နောက်ပြီး သူလုပ်ချင်တာလုပ်ဖို့ အာဏာရှိတယ်။ သူ့မှာ အစိုးရအာဏာရှိတယ်။ သူ့မှာ မရှိတဲ့အာဏာကတော့ သူ့အစ်ကိုကို ချမှတ်ထားတဲ့ တရားရုံးအာဏာကို ဖျက်သိမ်းနိုင်တဲ့ အာဏာပါပဲ။ ဒီအာဏာကို ပိုင်တာကတော့ တရားရုံးပါပဲ။
မေး - ဒါဆိုရင် ထိုင်းစစ်တပ်က နိုင်ငံရေးကနေ ဝေးဝေးနေသွားမယ်ဆိုတဲ့ အနေအထားတွေရှိ နေတယ်ဆိုတဲ့ သဘောပေါ့။
ဖြေ - တကယ်လို့ ၀န်ကြီးချုပ် ယင်လပ်ခ်အနေနဲ့ ပြည်သူတွေ အကျိုးရှိမယ့် မူဝါဒတွေကို ဆက်လက် အကောင်အထည်ဖော်နေမယ်ဆိုရင်တော့ သူ့အနေနဲ့ နိုင်ငံရေးမှာ အဆင်ပြေနေပါလိမ့်မယ်။ တကယ်လို့ သူ့အနေနဲ့ တရားရုံးတွေကို ၀င်ရောက် စွက်ဖက်မှုတွေ ရှိလာခဲ့မယ်၊ သူ့အစ် ကိုကို ကူညီခဲ့မယ်ဆိုရင်တော့ ထိုင်းနိုင်ငံမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို အတပ်မပြောနိုင်ဘူး။
မေး - အခုလတ်တလောမှာလည်း စစ်တပ်က အာဏာပြန်သိမ်းနိုင်မယ့် အကြောင်းတရားတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ လက္ခဏာတစ်စုံတစ်ရာ တွေ့မိတာများ ရှိပါသလား။
ဖြေ - လက်ရှိ ထိုင်းအစိုးရအနေနဲ့ သက်ဆင် ထိုင်းနိုင်ငံကို ပြန်လာစေနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်နဲ့ပတ်သက်လို့ လုပ်ဆောင်နေတာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အရမ်းကို သတိထားရတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ နောက်ပြီး ဒီအစိုးရကနေပဲ ပြစ်ဒဏ် ခံရမှု မရှိဘဲ သက်ဆင်အနေနဲ့ ထိုင်းနိုင်ငံကို ပြန်လာနိုင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်နေပါတယ်။ တကယ်လို့ ဒါတွေ ဖြစ်လာခဲ့မယ်ဆိုရင် စစ်တပ်က ဒါကို  ကောင်းကောင်း အသုံးချသွားမလားဆိုတာတော့ ဘယ်သူမှမပြောနိုင်ဘူး။
မေး - အခုအခြေအနေတွေကနေ ထိုင်းနိုင်ငံ အနေနဲ့ ဘာတွေများ မျှော်မှန်းလို့ ရနိုင်ပါသလဲ။
ဖြေ - ကျွန်တော်ရဲ့ အိပ်မက်ကတော့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံပါ။ သက်ဆင်ရဲ့ညီမကို နိုင်ငံကို အုပ်ချုပ်ဖို့ ခွင့်ပြုတာဟာ ဒီမိုကရေစီ နည်းကျပါတယ်။ ဒါပေမယ်လို့ သူ့အနေနဲ့ ဒီမိုကရက်တစ်အာဏာကို အလွဲသုံးစား မပြုလုပ်မိဖို့လည်း  သတိရှိသင့်ပါတယ်။
မေး - ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တဲ့ ကာလက အတွေ့အကြုံတွေကရော ဘယ်လိုများ ရှိခဲ့ပါသလဲ။
ဖြေ - ဟိုတုန်းကတော့ မီဒီယာဆင်ဆာတွေ ရှိခဲ့တယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရှိခဲ့ဘူး။ ကျွန်တော့်အတွေ့အကြုံ အရတော့ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှာတော့ အရင်လို မဟုတ်ပါဘူး။ သက်ဆင်နဲ့ ပတ်သက်တာ မှန်သမျှကိုပဲ အဓိက ချေမှုန်းခဲ့တာကို တေ့ရတယ်။ သက်ဆင်ကို ထောက်ခံတဲ့ ၀က်ဘ်ဆိုက်မှန်သမျှကို ပိတ်ပစ်ခဲ့တယ်။ တကယ်လို့ ခင်ဗျားက သက်ဆင်နဲ့ မီဒီယာသော်လည်းကောင်း၊ စီးပွားရေးသော်လည်းကောင်း ဘာမှ မပတ်သက်ဘူးဆိုရင်တော့ အာဏာသိမ်းမှုက ခင်ဗျားအပေါ် ဘာမှသက် ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဒါက အတိတ်က အာဏာသိမ်းခဲ့တုန်းက ပုံစံနဲ့ မတူခဲ့ပါဘူး။

ပထမဆုံးအနေနဲ့ လွတ်လပ်အားကောင်းတဲ့ သတင်းမီဒီယာ ရှိဖို့ လိုပါတယ်။ ဒီလို မီဒီယာတွေကနေပြီး မတရားမှုတွေ၊ မမျှတမှုတွေ၊ ဒီမိုကရက်တစ်မကျမှုတွေကို ဖော်ထုတ်ရေးသားပါလိမ့်မယ်။ ဒီအခါမှာ ဒီလိုထုတ်ဖော်ရေးသားမှုတွေကို တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကနေပြီး စုံစမ်း အကောင်အထည်ဖော်ပါလိမ့်မယ်။ ဒီအခါမှာ စောင့်ကြည့်ထိန်းကျောင်းမှုက ဒီစနစ်ကြီးတစ်ခုလုံးကို အထောက်အကူပြုပါလိမ့်မယ်။
မေး - စစ်တပ်က နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေအောင် ဘယ်လိုများ ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ - စစ်တပ်က နိုင်ငံရေးနဲ့ ကင်းရှင်းနေဖို့ဆိုရင် ရိုးသားပွင့်လင်းတဲ့ ဒီမိုကရက်တစ်အစိုးရ ဖြစ်ရပါမယ်။ တရားဥပဒေစိုးမိုးမှု ရှိရပါမယ်။ လွတ်လပ်ပြီး အားကောင်းတဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်။ နောက်ပြီး အကျင့်ပျက် ခြစားမှုတွေ နည်းပါးရပါမယ်။ ဒါပေမယ်လို့ အစိုးရအဖွဲ့ဝင် အများစုက အကျင့်ပျက် လာဘ်စားနေမယ်ဆိုရင်တော့ အတော့်ကိုမလွယ်တဲ့ အခြေအနေတစ်ခုပါပဲ။ စစ်တပ်က အာဏာသိမ်းရတာဟာ အကျင့်ပျက် လာဘ်စား လို့ပါဆိုပြီး ပြောတာဟာ နံပါတ်(၁)ဆင်ခြေပါပဲ။ တကယ်လို့ ဒါကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းချင်ရင် တောင်မှပဲ သူတို့ကိုယ်တိုင်က အကျင့်ပျက် လာဘ်စားနေတာပဲ မဟုတ်လား။ နိုင်ငံရေး သမားတွေ အကျင့်ပျက် လာဘ်စားတဲ့အခါတိုင်း စစ်တပ်က သူတို့က ဆိုးတယ်ဆိုပြီး ပြောလေ့ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကောင်းမွန်ပြီး သန့်ရှင်းတဲ့ နိုင်ငံရေးစနစ်တစ်ခုရှိဖို့ လိုပါတယ်။
မေး - ဒီစနစ်ကို ကျွန်တော်တို့ ဘယ်လို အကောင်အထည်ဖော်သွားမလဲ။
ဖြေ - တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားရမှာပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်ဆုံးမှာ ကျွန်တော်တို့အနေနဲ့ မဏ္ဍိုင်တွေကို စောင့်ကြည့် ထိန်းညှိသွားနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လွတ်လပ်အားကောင်းတဲ့ သတင်းမီဒီယာ ရှိဖို့လိုပါတယ်။ ဒီလို မီဒီယာတွေကနေပြီး မတရားမှုတွေ၊ မမျှတမှုတွေ၊ ဒီမိုကရက်တစ် မကျမှုတွေကို ဖော်ထုတ်ရေးသားပါလိမ့်မယ်။ ဒီအခါမှာ ဒီလိုထုတ်ဖော်ရေးသားမှုတွေကို တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကနေပြီး စုံစမ်း အကောင်အထည်ဖော်ပါလိမ့်မယ်။ ဒီအခါမှာ စောင့်ကြည့်ထိန်းကျောင်းမှုက ဒီစနစ်ကြီးတစ်ခုလုံးကို အထောက်အကူ ပြုပါလိမ့်မယ်။ ဒီလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကိုလည်း အပြန်အလှန် ထိန်းကျောင်းဖို့ လိုပါလိမ့်မယ်။ ဒီလွတ်လပ်တဲ့ အဖွဲ့အစည်းတွေမှာ ဥပမာထိုင်းမှာဆိုရင် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွေလည်း ပါဝင်ပါတယ်။ ဒီကော်မ ရှင်ကလည်း အစိုးရအဖွဲ့ကနေ လွတ်လွတ်ကင်းကင်း ရှိပါတယ်။ သူတို့ကို လစာပေးတာက အစိုးရကမဟုတ်ဘဲ လွှတ်တော်ကပေးတာပါ။ ဒါကြောင့် သူတို့အနေနဲ့ အစိုးရကို အစီရင်ခံတင်ပြစရာ မလိုပါဘူး။ လွတ်လွတ်လပ်လပ် ရှိပါတယ်။ လွတ်လွတ်လပ်လပ်ရှိတဲ့အတွက် ခင်ဗျား အနေနဲ့ ဘာမှ ကြောက်စရာ မလိုဘူး။ တကယ်လို့ ခင်ဗျားအနေနဲ့ ခြစားမှု တိုက်ဖျက်ရေးကော်မရှင်မှာ လုပ်ပြီး အစိုးရအဖွဲ့မှာလည်း လုပ်နေတယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းဟာ ဘာမှ အသုံးမ၀င်တော့ပါဘူး။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။