Sunday, June 3, 2012

 ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ သဘောထား ထုတ်ပြန်

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီသည် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီနှင့် ကချင်မျိုးနွယ်စု ခြောက်မျိုးမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီရုံးတွင် ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က ပြလုပ်ခဲ့ကာ အစည်းအဝေးမှ ညှိနှိုင်းသဘောတူ ချက်များကို တင်ပြ အစီရင်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အစီရင်ခံစာကို ဥက္ကဋ္ဌ ကချင်ပြည်နယ် လွှတ်တော် မြစ်ကြီးနားမြို့သို့ လိပ်မူထားပြီး မေလ ၂၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ကာ စုစုပေါင်း အချက်ခုနစ်ချက် ပါရှိခဲ့သည်။

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီ၏ တင်ပြချက်မှ အချက်(၁)တွင် ပြည်ထောင်စုမြန်မာနိုင်ငံဟု ဖြစ်ပေါ်လာခြင်းသည် တိုင်းရင်းသားများ စုပေါင်း သဘောတူ လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်အရသာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ပင်လုံစာချုပ်အရ တိုင်း ရင်းသား စည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့သည်သာမက တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက်ဖော်ပြချက်များ၌ 'ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာသော ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့် တစ်မျိုး တန်းတူ ညီတူ အခွင့်အရေး ရရှိရေး မိမိနေရာကို မိမိကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးကို အခြေခံ၍ တည်ဆောက်ခဲ့သော ပြည်ထောင်စုဖြစ်ကြောင်၊ သို့သော် အစိုးရ အဆက်ဆက်တို့သည် ပြည်ထောင်စုစနစ်ကို မဖော်ဆောင်ဘဲ ဗဟိုဦးစီးစနစ်ကို ဖော်ဆောင်ခဲ့၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရကြောင်း'ပါရှိသည်။
တိုင်းပြည်အာဏာကို လူမျိုးကြီး တစ်မျိုးက ဆုတ်ကိုင်ထားသဖြင့် လူနည်းစု တိုင်းရင်းသားများသည် အအုပ်ချုပ်ခံဘ၀သို့ ရောက်ရှိသွားကြောင်း၊ အစိုးရအဆက်ဆက်တွင် တိုင်းရင်းသားတို့၏ ကိုယ်စီရပိုင်ခွင့်ကို အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း လက်ခံပေးခြင်းမရှိသည့်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ကိုင်စွဲလာရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု အဆိုပါ ဗဟိုကော်မတီက တင်ပြထားသည်။

ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိဖြစ်နေကာ စစ်ဆင်နေသော တပ်များအားလုံး ပြန်လည်ရုပ်သိမ်းပေးသွားပါက ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အဓိက အထောက်အကူ ဖြစ်မည်ဟုလည်း အကြုံပြုထားသည်။

နောက်ဆုံး တင်ပြချက်တွင်မူ ပင်လုံစာချုပ်ကို အခြေခံပြီး လုပ်ဆောင်သွားမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိ၍ စစ်မှန်သော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ယုံကြည်ပါသည်ဟု ပါရှိခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။