Sunday, June 3, 2012

 နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအားလုံးပါဝင်သည့် စီမံကိန်းကော်မရှင် ဖွဲ့စည်း

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီး အားလုံးပါဝင်သည့် စီမံကိန်း ကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏ လူမှုစီးပွား တိုးတက်စေရေးအတွက် ကျေးရွာ၊ မြို့နယ်၊ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများ၊ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသန္တရ စီမံကိန်းများပါဝင်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား အမျိုးသားစီမံကိန်း မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်။ စီမံကိန်းကော်မရှင်တွင် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒုတိယသမ္မတနှစ်ဦးက ဒုတိယဥက္ကဋ္ဌများအဖြစ် လည်းကောင်း ဖွဲ့စည်းထားပြီး အတွင်းရေးမှူးအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကော်မရှင်၏ အဖွဲ့ဝင်များမှာ ပြည်ထောင်စုဝန်ကြီးအားလုံး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ပါဝင်ပြီး ပြည်နယ်ဝန်ကြီးချုပ်အားလုံးမှာလည်း အဆိုပါကော်မရှင်၏ အဖွဲ့ဝင်များအဖြစ် ပါ ၀င်ကြောင်း သိရသည်။

စီမံကိန်းကော်မရှင် ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ်(၂၈/၂၀၁၂)ဖြင့် ထုတ်ပြန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။