Sunday, June 3, 2012

 မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၌ တရားဝင် ကုန်သွယ်မှုစာရင်းအရ မြန်မာဘက်မှ စတင်အသာစီးရလာ လက်ရှိအချိန်တွင် အဓိက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မူဆယ်လမ်းပိုင်း၌ ပစ်ခတ်ဖောက်ခွဲမှုများကြောင့် ပုံမှန်ကုန်သွယ်မှု မပြုနိုင်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုစခန်းအတွင်းသို့ ၀င်ရန်စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များကို ဇွန်လ ၁ ရက်နေ့က မူဆယ်မြို့တွင် တွေ့ရစဉ်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၂၉၈၅ ဒသမ ၄၂၄ သန်းရှိခဲ့ပြီး အဆိုပါပမာဏတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ တရုတ်နိုင်ငံမှ တင်သွင်း သည့် သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၆၅၈ ဒသမ ၃၇၂ သန်း ပိုမိုမြင့်မားပြီး ကုန်သွယ်မှု၌ အသာစီးရလျက်ရှိကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင်မူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မူဆယ်လမ်းပိုင်းတွင် ပစ်ခတ်ဖောက်ခွဲမှုများကြောင့် နယ်စပ်ကုန်သွယ်မှုအား ပုံမှန်အတိုင်း မပြုလုပ်နိုင်ဘဲ လုံခြုံမှု ရှိ မရှိ သတင်းစုံစမ်း သွားလာလုပ်ကိုင်နေရသည်ဟု သတင်းရရှိပါသည်။

ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်းမှစ၍ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ယခုနှစ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာတွင် မူဆယ်လမ်းကြောင်းမှသာ အဓိက ကုန်သွယ်နိုင်မည်ဖြစ်ပြီး လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးလမ်းကြောင်းများမှာ ကုန်သွယ်မှု လျော့ကျမည်ဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိ ကုန်သွယ်မှု အနေအထားအရ ပုံမှန်ကုန်သွယ်မှုတွင် တရုတ်ဘက်က အသာရထားသော်လည်း နယ်စပ်ကုန်သွယ်ရေးတွင်  မြန်မာဘက်မှ စတင်အသာစီးရလာခဲ့ကြောင်းလည်း သိရသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ခဲ့သော ကုန်တင်ယာဉ်တစ်စီးအား ခိုမုံးရွာနှင့် ဆွမ်လုံရွာကြား၌ ဇွန် ၁ ရက်နေ့က တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုအခြေအနေနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ''မြန်မာနဲ့တရုတ် ကုန်သွယ်မှုမှာ ပုံမှန်ကုန်သွယ်မှုပိုင်းကတော့ တရုတ်အသာစီးရပါ တယ်။ နယ်စပ်ကုန်သွယ်မှုပိုင်းမှာတော့ မြန်မာက အသာရထားပါတယ်။ ကျန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာလည်း မြန်မာ့ပို့ကုန်တန်ဖိုးက တရုတ်ကပြန်သွင်းရတဲ့ ပမာဏထက်ပိုမြင့်ပြီး အသာစီးရခဲ့တယ်။ သွင်းကုန်ပမာဏက အမေရိကန်ဒေါ်လာ ၁၁၆၃ ဒသမ ၅၂၆ သန်းရှိပြီးတော့ ပို့ကုန်က ၁၈၂၁ ဒသမ ၈၉၈ သန်းအထိ ရှိခဲ့တယ်။ ကျွန်တော်တို့ အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ထဲမှာလည်း ဧပြီလနဲ့မေလ နှစ်လကုန်သွယ်တဲ့အခါ တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုပိုင်းဟာ အရင်ဘဏ္ဍာနှစ် ဧပြီလနဲ့ မေလကုန်သွယ်တဲ့ ပမာဏထက်တောင် ပိုခဲ့သေးတယ်။ ဒါတောင် နယ်မြေလုံခြုံရေး အခြေအနေအရ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းကပဲ အဓိက ကုန်သွယ်ခဲ့ရတာ။ လက်ရှိမှာတော့ အဓိက ကုန်သွယ်နေရတဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံခြုံရေး အခြေအနေအရ ၃ ရက်လောက် ပုံမှန် အတိုင်း ကုန်သွယ်မှု မပြုနိုင်ခဲ့ဘူး။ KIA က စာထုတ်ထားလို့ဆိုပြီး သိရတယ်။ အခုကတော့ပြန်ပြီး ကုန်သွယ်နေပါပြီ။ ဒါပေမယ့် အရင်လို ၂၄ နာရီလုံး လုံးတော့ ဖြတ်သန်းကုန်သွယ်တာမျိုးတော့ ပြန်မရောက်သေးဘူး။ ဒါပေမယ့် ကားတွေကတော့ အစီးရေပြန်များသွားပြီ''ဟု ပြောပြခဲ့သည်။
''လွယ်ဂျယ်က လိုင်ဇာနားမှာလေ။ ကန်ပိုက်တီးကလည်း နယ်မြေဒေသ အခြေအနေအရ ပုံမှန် ကုန်မသွယ်နိုင်သေးဘူး။ ဒီတော့ မူဆယ်နဲ့ ချင်းရွှေဟော်ပဲ အဓိက အားထား ကုန်သွယ်ရမယ့် အနေအထားပါ။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ဒုတိယ ပမာဏအများဆုံး ကုန် သွယ်နေတဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ လက်ရှိကုန်သွယ်မှု မပြုနိုင်သေးပေမယ့်လည်း မူဆယ်၊ ချင်းရွှေဟော်စခန်း ၂ခုတည်းက ကုန်သွယ်တဲ့ ပမာဏက မနှစ်ကထက်တောင် ပိုများလာနေသေးတဲ့အတွက် ဒီနှစ် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး အနေအထားက ပမာဏမြင့်တက်ဦးမယ်လို့ ခန့်မှန်းထားပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်က ဆက်လက်သုံး သပ်ပြောကြားခဲ့သည်။

''နယ်စပ်ကတစ်ဆင့် တရုတ်ကို ကုန်သွယ်တာ ဒါကတရားဝင်စာရင်းအရ အသာစီးရတာပါ။ တရားမ၀င် သွားနေတဲ့ သစ်၊ ကျောက်မျက်တွေရဲ့ တန်ဖိုးသာ ထည့်ပေါင်းရင် မြန်မာက တရုတ်ဘက်ကို နှစ်တိုင်း အသာရတယ် လို့တောင် ပြောရမလို ဖြစ်နေပြီ။ တရုတ်ကနေ မြန်မာကိုပို့တဲ့ ပို့ ကုန်၊ မြန်မာနိုင်ငံကနေ တရုတ်က ပြန်သွင်းတဲ့ သွင်းကုန်ပမာဏကို ယှဉ်ကြည့်ရင်လည်း မြန်မာပဲ အသာရတယ်'' ဟု တရုတ်သို့ ရေထွက်ပစ္စည်း ကုန်သွယ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းတွင် မေလ နောက်ဆုံးပတ်အတွင်းမှစတင်ပြီး ပစ်ခတ်ဖောက်ခွဲမှုများ ရှိလာခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ အနေဖြင့် သတင်းစုံစမ်းပြီးမှသာ သွားလာနေရခြင်းကြောင့် ကုန်းသွယ်မှုလုပ်ငန်းများ နှောင့်နှေးခြင်းရှိလာကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများက ပြောဆိုကြပါသည်။
မေလ ၁၉ ရက်၊ ည ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်က မူဆယ်မှ လားရှိုးသို့ မောင်းနှင်လာသည့် ခြောက်ဘီး ကုန်တင်ယာဉ်နှစ်စီးအား ယူနီဖောင်းဝတ်ဆင်ထားသည့်  KIA အဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ် တားဆီးကာ ဆက်ကြေးငွေ ကောက်ခံခဲ့ကြောင်း မေလ ၂၂ ရက် နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါလမ်းပိုင်းတွင် လူစီးကားများအပါအ၀င် ကုန်တင်ယာဉ်များ သွားလာမှုလျော့နည်းသွားခဲ့ပြီး ညပိုင်းအချိန်ထက် နေ့ခင်းပိုင်းအချိန်တွင်သာ သွားလာမှုရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

အခုလို ပစ်တယ်၊ ခတ်တယ်၊ ဆက်ကြေးတောင်းတယ်လို့ သတင်းပေါ်လာတော့ သိပ်မစွန့်စားချင်ကြတော့ဘူး။ မေလ ၂၇ ရက်နေ့ကလည်း ဆန်တွေသယ်လာတဲ့ ၁၂ ဘီးကားတစ်စီးကို ရပ်ခိုင်းတာမရပ်လို့ သေနတ်နဲ့ ပစ်တာခံရပြီး ချောက်ထဲ ကျသွားတယ်ကြားရပါတယ်။ ကြုံခဲ့ရတဲ့သူတွေ ပြောစကားအရတော့ ယူနီဖောင်းဝတ်မထားလို့ ဘယ်အဖွဲ့ကလည်းဆိုတာ ပြောရခက်ပါတယ်။

''လုံးဝ အသွားအလာ ရပ်သွားတာ မဟုတ်ပေမယ့် မူဆယ်ကိုတက်တဲ့ ကုန်ကားရှားသွားတာတော့ အမှန်ပဲ။ အရင်ကတည်းက ကားသမားတွေ အနေနဲ့ တန်ပိုကိစ္စတွေကြောင့် တွက်ခြေမကိုက်ဖြစ်နေတဲ့အချိန်မှာ အခုလို ပစ်တယ်၊ ခတ်တယ်၊ ဆက်ကြေးတောင်းတယ်လို့ သတင်းပေါ်လာတော့ သိပ်မစွန့်စားချင်ကြတော့ဘူး။ မေလ ၂၇ ရက်နေ့ကလည်း ဆန်တွေသယ်လာတဲ့ ၁၂ ဘီးကားတစ်စီးကို ရပ်ခိုင်းတာမရပ်လို့ သေနတ်နဲ့ပစ်တာခံရပြီး ချောက်ထဲကျသွားတယ် ကြားရပါတယ်။ ကြုံခဲ့ရတဲ့သူတွေ ပြောစကားအရတော့ ယူနီဖောင်း ၀တ်မထားလို့ ဘယ်အဖွဲ့ကလည်းဆိုတာ ပြောရခက်ပါတယ်။ အဲဒီဒေသတစ်ဝိုက်ဟာ ဘိန်းမှောင်ခိုအဖွဲ့တွေ ရှိတဲ့နေရာဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တာပဲ''ဟု မန္တလေးအခြေစိုက် ကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယခုကဲ့သို့ ကုန်တင်ယာဉ်များ တိုက်ခိုက်ခံနေရခြင်းကြောင့် ယခင်က ညပိုင်းတွင် မောင်းနှင်မှု များပြားခဲ့သော ကုန်တင်ယာဉ်များမှာ နေ့ခင်းအချိန်တွင်သာ မောင်းနှင်ကြတော့ပြီး ညနေ(၆)နာရီကျော်ပါက မောင်းနှင်ခြင်း မရှိကြတော့ကြောင်း သိရသည်။

''အတက်ကားသမားတွေတော့ ဘာမှ အနှောင့်အယှက် ဖြစ်တယ်မကြားဘူး။ အခုဖြစ်နေတာ အဆင်းကားသမားတွေပဲ။ မေလ ၂၀ လောက်ကတည်းက အဆင်းကားတွေကို တားပြီး ပိုက်ဆံတောင်းတာတွေ လုပ်တယ် ကြားတယ်။ မှောင်နေတဲ့အချိန်လည်းဖြစ်တော့ ဘယ်အဖွဲ့အစည်း ကဆိုတာ မပြောတတ်ဘူး''ဟု မန္တလေးမြို့ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုမှ ပြောကြားခဲ့ပါသည်။

စုံစမ်းရရှိသော သတင်းများအရ မေလ ၂၇ ရက်နေ့က မန္တလေး-မူဆယ် စိတ်ကြိုက်(Express)ကားကိုလည်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ ဦးခန့် သေဆုံးခဲ့ရကြောင်း မူဆယ် ကညနမှ သတင်းပေးချက်အရ သိရှိရသည်။ မန္တလေးမှ မူဆယ်သို့တက်မည့် ကုန်တင်ယာဉ်များအနေဖြင့် တစ်ဖက်မှအသံကို နားစွင့်ကာ ခန့်မှန်းပြီး တက်နေရကြောင်း၊ ယခင်ကား ၁၀ စီးထွက်ပါက ယခုအခါ ငါးစီးသာထွက်ကြောင်း၊ ကုန်တင်ပို့မှု ကြာချိန်မှာလည်း ယခင်ကထက် ရက်အနည်းငယ် ပိုကြာလာကြောင်း သိရသည်။

ယခုကဲ့သို့ ကုန်တင်ယာဉ်များအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့်ပတ်သက်ပြီး ကချင်သတင်းဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော kachinnews.com တွင် မန္တလေး-မူဆယ်လမ်းအား ဇွန်လ ၁ ရက်နေ့မှစတင်ပြီး ညပိုင်းတွင် အသုံးမပြုရန် KIO မှ ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်း KIA  တပ်မဟာ (၄)မှ အရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကားပြီး ရေးသားထားသည်။ ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်နေသည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း မူဆယ်လမ်းပိုင်းတွင် ယခင်က ဤသို့ ပစ်ခတ် တိုက်ခိုက်မှုမရှိခဲ့ကြောင်း ကုန်သည်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
w7_35_05_2


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။