Friday, May 25, 2012

SSA နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ်

မကြာသေးခင်က အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်ချမ်းရေး သဘာတူညီထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် အစိုးရတပ်များ ယမန်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်း လှုပ်ရှားနေသော SSA- S တပ်ဖွဲ့နှင့် အစိုးရ ခြေလျင်တပ်ရင်း အမှတ် ၆၅ တပ်ဖွဲ့ ၀င်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြော သည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)

ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးသော်လည်း အစိုးရဘက်က တပ်ပြေး တချို့ကို လိုက်လံ ဖမ်းဆီးခဲ့ရာ SSA နယ်မြေသို့ ကျူး ကျော်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တပ်မတော်ဘက်က တပ်ပြေးတွေကို သူတို့ ဘက်က လိုက်ရင်း ကျနော်တို့ အဖွဲ့နဲ့ သွားပြီတော့ ထိတွေ့မှုတွေ ဖြစ်သွားတယ်” ဟု စိုင်းဆိုင်မိဏ်းက ဆက်ပြောသည်။
ယခုလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA-S မှ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၅ ရက်ခန့် အကြာ ပထမအကြိမ် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက် အကျအဆုံးနှင့် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
စိုင်းဆိုင်မိဏ်းက “တပ်မတော် စစ်တပ်ဘက်က ဖြေရှင်းချက်ကို စောင့်ပြီတော့ နားထောင်ကြည့်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကျ နော်တို့ ဆွေးနွေးခဲ့တုန်းကလည်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ပြောသွားတယ်၊ အခုချိန်ကစပြီးတော့ ကျည်ဆံ တလုံးမှ မပေါက်စေရဘူးလို့ ကတိပေး အာမခံထားတာရှိတယ်။ ဒီလိုဖြစ်လာတာရှိတော့ တပ်မတော်ဘက်က ဘယ်လို ဖြေရှင်းပေး မလဲဆိုတာ ထပ်ပြီတော့ နားထောင်ရအုံးမယ်” ဟု ဆိုသည်။
ယင်း ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးခဲ့ရာ သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ SSA-S ဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA-S အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံရေးပါတီများနှင့် ဒေသခံပြည် သူလူထု လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ အပါအ၀င် ၁၂ ချက်ကို သဘောတူခဲ့ကြောင်း သိရ သည်။
အစိုးရနှင့် SSA-S တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တောင် ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော် (MTA) မြန်မာ စစ်အစိုးရထံ လက်နက်ချပြီး နောက်ပိုင်း ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဦးဆောင်၍ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။