
ရန်ကုန်မြို့တော်၏ ရေပေးဝေ မှုလုပ်ငန်းများ၊ မိလ္လာစနစ်များအား ဂျပန်နိုင်ငံမှ အကူအညီပေးရန်အတွက် လေ့လာတွက်ချက် တိုင်းတာမှုများပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြား ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်၏ ရေပေးဝေမှု၊ မိလ္လာစနစ်များတွင် ဂျပန်နိုင်ငံမှ အကူညီပေးရန်အတွက် ဂျပန်အစိုးရ ၏ ခွင့်ပြုမိန့်ရရှိရန်လည်း စောင့်ဆိုင်း နေသည်ဟု သိရသည်။
“ရန်ကုန်မြို့ရဲ့ ရေ၊ မိလ္လာစနစ် တွေမှာ ဂျပန်နိုင်ငံက အကူအညီပေးဖို့ ရှိပါတယ်။ အဲဒီအတွက်ကို သူတို့ လေ့လာတွက်ချက်မှုတွေ လုပ်ဖို့ စပြင်နေပါတယ်။ သိပ်မကြာတော့ပါဘူး။ ဂျပန်အစိုးရရဲ့ ခွင့်ပြုမိန့်ကို စောင့်နေတာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် နှစ်စဉ်လူဦးရေ တိုးပွားလာသည်နှင့်အတူ ရေချိုလို အပ်ချက်လည်း မြင့်မားလာပြီး လာ မည့် ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်းအထိ ဖြစ်လာနိုင်ဟု မျှော်မှန်းထားရာ ရေပေးဝေနိုင်မှုနှင့် ရေအရင်းအမြစ်အသစ် ရရှိနိုင်မှုမှာလည်း အရေးကြီးလာကြောင်း၊ ယခုလက်ရှိ ရန်ကုန်မြို့တော်၏ ရေလိုအပ်ချက် မှာ တစ်ရက်လျှင် ဂါလန်သန်း ၁၈၀ ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်မှ ရေဂါလန်သန်း ၁၆၀ သာ ပေးဝေနိုင် သေးကြောင်း သိရှိရသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ငမိုးရိပ်ရေပေးဝေရေး စီမံကိန်း ဒုတိယအဆင့်ကို ၂၀၀၅-၀၆ ဘဏ္ဍာရေး နှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ယင်းစီမံကိန်းမှ တစ်ရက်လျှင် ရေဂါလန် ၄၅ သန်း ပေးဝေနိုင်မည် ဖြစ်ကာ စီမံကိန်းအား ၂၀၁၂-၁၃ ဘဏ္ဍာ ရေးနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။
ရေရရှိနိုင်မည့် အရင်းအမြစ်သစ်များ အနေဖြင့် မှော်ဘီမြို့နယ် ကွေ့တန်းရှည်ရွာအနီး လှိုင်မြစ်ရေတင် (ကွေ့တန်းရှည်)စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ငမိုးရိပ်ချောင်းနှင့် အမှတ် ၇ လမ်းဆုံရာ စစ်ပင်တောင် ကျေးရွာအနီးတွင် စစ်ပင်တောင်ရေ ပေးဝေရေး စီမံကိန်းများကို အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ယင်းတို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြုလုပ်သွားမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ယခင်ထုတ်ပြန်မှုများအရ သိရှိရသည်။
မိလ’ာစနစ်မှာလည်း မရှိမဖြစ် လိုအပ်လျက်ရှိရာ ရန်ကုန်မြို့တော် ၏ ယခုလက်ရှိ မိလ္လာစွန့်ပစ်မှုစနစ်မှာ အဆင်ပြေနေသည့် အတိုင်းအတာရှိနေ သေးသော်လည်း ၂၀၄၀ တွင် လာမည့်နှစ် အနည်းငယ်အတွင်း တိုးပွား လာမည့် လူဦးရေအတွက် လက်ရှိအ သုံးပြုနေသော မိလ္လာစနစ်မှာ လိုအပ် ချက်များရှိလာမည်ဖြစ်သည်။ ရန် ကုန်မြို့တွင် လက်ရှိမိလ္လာပြွန်စနစ်ဖြင့် အသုံးပြုနေသော မိလ္လာတွန်းစက် အိုးများမှာ နှစ်ပေါင်း ၁၂၃ နှစ်ရှိနေ ပြီဖြစ်၍ နှစ်စဉ်ပြုပြင်မွမ်းမံ၍ အသုံးပြုနေရကြောင်း၊ ရန်ကုန်မြို့၏ သန်လျက်စွန်း ရေဆိုးသန့်စင်သည့် စက်ရုံ မှာ လက်ရှိလူဦးရေအား ယင်းကဲ့သို့ ရေဆိုးသန့်စင်နိုင်သည့် နေရာများလည်း လိုအပ်လာမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။
ရန်ကုန်မြို့၏ လက်ရှိရေပေးဝေမှု ပမာဏ
ရေပေးဝေရေးစခန်း | ဂါလန်(သန်း) |
ဂျိုးဖြူရေလှောင်ကန် | ၂၇ |
ဖူးကြီးရေလှောင်ကန် | ၅၄ |
လှော်ကားရေလှောင်ကန် | ၁၄ |
ငမိုးရိပ်ရေလှောင်ကန်(ပထမအဆင့်) | ၄၅ |
ဒဂုံတောင်၊ ရေပေးဝေးရေးစခန်း အမှတ်(၁) | ၁ |
ဒဂုံတောင်၊ ရေပေးဝေးရေးစခန်း အမှတ်(၂) | ၁ |
လှိုင်သာယာမြို့၊ ရေပေးဝေးရေးစခန်း(သဲဖြူ) | ၁ |
စိမ့်ဖြာရေစုတွင်းကျယ် | ၁ |
အ၀ီစိတွင်းများ | ၁၆ |
စုစုပေါင်း | ၁၆၀ |
ရန်ကုန်မြို့အတွက် အနာဂတ်ရေပေးဝေရေး စီမံကိန်းအဖြစ် လျာထားမှု
ငမိုးရိပ်စီမံကိန်း ဒုတိယအဆင့် | ၄၅ ဂါလန် (သန်း) |
ငမိုးရိပ်စီမံကိန်း စစ်ပင်တောင် | ၉၀ ဂါလန် (သန်း) |
လှိုင်မြစ်ရေတင်စီမံကိန်း | ၉၀ ဂါလန် (သန်း) |
ကုက္ကိုဝမြစ်ရေတင်စီမံကိန်း | ၉၀ ဂါလန် (သန်း) |
လဂွန်းပြင်ဆည်ရေစီမံကိန်း | ၄၅ ဂါလန် (သန်း) |
စုစုပေါင်း | ၅၂၀ ဂါလန် (သန်း) |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။