Friday, May 25, 2012

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ပြောကြား

နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရပ်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်တွင်းသတင်းထောက်တစ်ဦးမှ "နိုင်ငံတော် ဒုတိယ သမ္မတအနားယူတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ဒုတိယသမ္မတက ထွက်စာတင်ထားတာလား။ နှုတ်ထွက်ခွင့်တောင်းတာလား သိချင်ပါတယ်။ တစ်ချို့ကလည်း ဘုန်းကြီးဝတ်နေတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် မေလ ၃ရက်နေ့က ထွက်လာတဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ ပါလာတာတွေ့ရပါတယ်။ နိုင်ငံတော် ဒုတိယသမ္မတအနေနဲ့ အမှန်တစ်ကယ် အနားယူသွားပြီလား။ တာဝန် ဆက်လက်ဆောင်ရွက်နေလား သိရှိလိုပါတယ်။"ဟု မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က "ကျွန်တော်လည်း အမှန်တစ်ကယ်ပြောရရင် ဒီတစ်လောမှာ ရန်ကုန်နဲ့ မြန်မာပြည်မှာနေတာထက် အပြင်မှာ ရောက်နေတာများပါတယ်။ အဲဒီ ကိစ္စတွေတောင်မှ အွန်လိုင်းကနေပဲသိရတဲ့ ဘ၀ဖြစ်နေပါတယ်။ ရေရေရာရာမသိပါဘူး။ ပြောရရင်တော့ ၃ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ်ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ရှိနေတုန်းပဲဆိုတာ ရှင်းပါတယ်။ ဒုသမ္မတတစ်ယောက် နှုတ်ထွက်တယ်ဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်ပါဘူး။ ဖြစ်လာတာနဲ့ တရားဝင်ပေါ်ပေါက်လာတဲ့ ကိစ္စမျိုးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်ပါ။ ဒါမျိုးက ပုန်းလျိုးကွယ်လျိုး လုပ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ဖြစ်လာတဲ့အခါကျရင် တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်မှာပေါ့။ မဖြစ်သေးရင် မဖြစ်ဘူးပေါ့။ အခု လက်ရှိအနေအထားအရတော့ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။