Friday, May 25, 2012

 လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ရရှိရေးအတွက် ဖယောင်းတိုင်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် မြို့တော်ခန်းမရှေ့တို့တွင် ပြုလုပ်

လျှပ်စစ်မီး၂၄ နာရီ ပြန်လည်ရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတောင်မြို့နယ်နှင့် မြို့တော်ခန်းမ ရှေ့တို့တွင် မေလ ၂၃ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို အဆိုပါနေ့က ည ၇နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း နေထိုင်သူ ဦးရေ၄၀၀ ၀န်းကျင်ခန့်က စည်ပင် လမ်းအတိုင်း မြို့နယ်လျှပ်စစ်ရုံးရှေ့မှစ၍ ၁၈ကွေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူမေလ ၂၃ ရက်နေ့ ည ၇ နာရီအချိန်၌ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူဦးရေ ၃၀၀ ခန့်က ဖယောင်းတိုင်များ ကိုင်ဆောင်ပြီး ဆူးလေစေတီတော်သို့ တက်ရောက်၍ ဆုတောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်နှစ်ခုမှာ ည ၇ နာ ရီဝန်းကျင်တွင် စတင်ခဲ့ပြီး ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့ပါသည်။ ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူတစ်ဦးက ''လျှပ်စစ်မီး ပျက်တဲ့ဒုက္ခက ပြည်သူတွေ ခံစားနေရတယ်။ ဒီဒုက္ခကို ပြည်သူတွေက ပြန်ပြီး ဆန္ဒထုတ်ဖော်တာပါ။ မီးပျက်တဲ့သောက အမြန်ဆုံး ဖြေဖျောက်ပေးပါလို့ သမ္မတကြီးကို မေတ္တာရပ်ခံပါတယ်''ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။