Friday, May 25, 2012

ကျောင်းဖွင့်အမီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စုပုံပါသည့် ကျောင်းသုံးပစ္စည်းများ အရောင်းသွက်

ကျောင်းဖွင့်ရာသီရောက်ချိန်တွင် ကျောင်းသုံးပစ္စည်းဈေးကွက်၌ ဗိုလ်ချုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများမှာ ကျောင်းသုံးစာအုပ်ဈေးကွက်တွင်း ၀ယ်လိုအားမြင့်တက်နေကြောင်း သိရသည်။

 
“ဗလာစာအုပ်အဖုံးမှာ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါစာအုပ်တွေအရမ်းရောင်းရတယ်။ အရင်နှစ် တွေကဆို ကိုရီးယားမင်းသားမင်းသမီးပုံပါတဲ့ စာအုပ်တွေရောင်းရတယ်။ အခုတော့ အန်တီစုပုံနဲ့ ဗိုလ်ချုပ်ပုံ ပါတာတွေက အခုခေတ်စားနေတယ်” ဟု ဆူးလေမှ ကျောင်းသုံးပစ္စည်းများရောင်းချနေသူ ဒေါ်သီရိ က ပြောသည်။
 
ဗိုလ်ချုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗလာစာအုပ်များသည် တစ်အုပ်လျှင် အကြီးအသေးပေါ်မူတည်၍ တစ်အုပ်လျှင် ကျပ်(၂၅၀) မှ (၄၀၀) ၀န်းကျင်ရှိပြီး၊ တစ်ဒါဇင် (၁၂အုပ်)လျှင် ကျပ် (၂၅၀၀) မှ (၄၀၀၀)၀န်းကျင် ရှိသည်။
 
“အိမ်က ကလေးဆိုရင် အဖုံးမှာ အန်တီစုပါတဲ့ပုံ ၀ယ်ပေးဆိုပြီး ပူဆာတယ်။ အဲစာအုပ်မျိုးမတွေ့လို့ ဆိုပြီးတခြား ဗလာစာအုပ်ဝယ်သွားတာ မရဘူး။ မရရင် ကျူရှင်တောင် မသွားဘူး”ဟု မရမ်းကုန်းမြို့နယ်မှ ဦးဝင်းမြင့်က ပြောသည်။
 
ဈေးကွက်တွင်း၌ ဗိုလ်ချုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဘောပင်တစ်ချောင်းလျှင် ကျပ် (၂၀၀)၊ ခဲတံ တစ်ချောင်းလျှင် ကျပ် (၁၀၀)မှ(၁၅၀)၀န်းကျင်၊ လွယ်အိတ်အသေးတစ်လုံးလျှင် ကျပ် (၂၀၀၀)၊ လွယ်အိတ် အကြီးတစ်လုံးလျှင် ကျပ် (၃၅၀၀)-(၄၀၀၀)၀န်းကျင်၊ ထီးတစ်လက်လျှင် ကျပ် (၃၀၀၀)-(၃၅၀၀) ၀န်းကျင်၊ အင်္ကျီတစ်ထည်လျှင် ကျပ် (၃၀၀၀)-(၄၀၀၀)၀န်းကျင်ရှိသည်။
 
လက်ရှိဈေးကွက်တွင်း၌ ကျောင်းသုံးပစ္စည်းများဖြစ်သော ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ လွယ်အိတ် များနှင့် ထမင်းချိုင့်၊ သောက်ရေဗူး၊ ထီး၊ အင်္ကျများ၊ အလံများ၊ အခြားအသုံးအဆောင်ပစ္စည်များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ ရိုတ်နှိပ်၍ ဈေးကွက်တစ်ခုသဖွယ် ရောင်းချမှုများရှိ လာကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။