

ဖောက်ခွဲဖျက်ဆီးခံရသော ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာ ၀ါတိုင်များကို ပြန်လည်ပြင်ဆင် ပြီးစီးပါက ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို လျှပ်စစ်မီး ပိုမိုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၂၃ရက်နေ့တွင် ပြောကြားခဲ့သည်။
ရွှေလီဓာတ်အား ပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ၂၃၀ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အား ပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ်ခန့်ကို မရရှိတော့သဖြင့် မေလ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို အလှည့်ကျ မီးပေးစနစ်ဖြင့် လျှပ်စစ်မီး ပေးဝေခဲ့ရကြောင်း သိရှိရသည်။

မေလ ၂၃ ရက်နေ့ ညပိုင်းက ၂၄ နာရီ မီးရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသူများ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း တွေ့ရစဉ်
နွေရာသီ၌ ဓာတ်အားလုံလောက်စေရေးအတွက် ရေတိုစီမံချက်အဖြစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံမှ General Electric ကုမ္ပဏီ၊ Caterpillar ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ရေရှည်စီမံချက်အနေဖြင့် ဂျပန်နိုင်ငံ J-Power ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်၍ ၆၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို လည်းကောင်း၊ ကိုရီးယားနိုင်ငံ BKB ကုမ္ပဏီနှင့် ပူးပေါင်း၍ ၅၀၀ မဂ္ဂ၀ပ်ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကိုလည်းကောင်း ရန်ကုန်မြို့အနီး၌ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
နွေရာသီကာလတွင် အများဆုံး သုံးစွဲမှုမှာ ၁၈၅၀ မဂ္ဂါဝပ်ရှိပြီး နွေရာသီကာလတွင် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝပ်ထက် များပြားနေသဖြင့် အများပြည်သူအား ၃ အုပ်စုခွဲကာ အလှည့်ကျမီးပေးစနစ်ဖြင့် ဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်များ ပြင်ဆင်ပြီးစီးချိန်တွင် ရန်ကုန်မြို့အတွင်းရှိ အများပြည်သူကို ၂၄ နာရီ လျှပ်စစ်မီးပေးမည်ဟု ပြောကြားခဲ့သော်လည်း ထပ်မံဆက်သွယ်ရာတွင် ယခုကဲ့သို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။