Friday, May 25, 2012

 Grand Royal အရက်ချက်စက်ရုံ၏ ၀န်ထမ်းများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အလုပ်မှထုတ်မည်ဟု စက်ရုံမှတာဝန်ရှိသူက ကြေညာခဲ့ရာ ယင်းကြေညာချက်နှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်နေ

ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၃ ၊ ဖန်ချက်ဦးဖိုမှန်လမ်းရှိ Grand  Royal အရက်ချက်စက်ရုံတွင် ၀န်ထမ်း ၂၅၀ ကျော်မှ အခြေခံလစာ တိုးမြှင့်ရန် အပါအ၀င် အဓိကအချက် ငါးချက် ရရှိရန် စက်ရုံတာဝန်ရှိသူ များထံ တောင်း ဆိုမှုကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ခဲ့ရာ စက်ရုံဘက်မှ အလုပ်ထုတ်ပယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့်ပတ်သက်၍ ၀ါဏ္ဍိဇ ပဋိပက္ခရုံး၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း တောင်းဆိုသူ အလုပ်သမားတစ်ဦးက ဆိုပါသည်။
တောင်းဆိုမှု ပြုလုပ်ခဲ့သော ၀န်ထမ်းများ၏ တောင်းဆိုသော အဓိကအချက် ငါးချက်မှာ အခြေခံလစာကျပ် ၇၀၀၀၀ ထိ တိုးမြှင့်ပေးရန် နှစ်အလိုက် တစ်လချင်းစီ ၃၀၀၀ ကျပ်စီ တိုးမြှင့်ပေးရန်၊ တောင်းဆိုလျက်ရှိသော ၀န်ထမ်း ၂၅၀ ကျော်မှာ လုပ်သက်အနည်းဆုံး ၃ နှစ်မှ ၇ နှစ်ထိရှိသော ၀န်ထမ်းများဖြစ်သောကြောင့် ယာယီဝန်ထမ်းမှ အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်ပေးရန်၊ လက်ရှိတွင် ဆန္ဒပြလျက်ရှိသော Grand  Royal စက်ရုံတွင် အမျိုးသမီးဝန်ထမ်း ၉၀ ရာခိုင်နှုန်းထိရှိသောကြောင့် ကြိုပို့ယာဉ်များ လုံလောက်အောင် စီစဉ်ပေးရန်နှင့် စက်ရုံတွင် သောက်သုံးရေအား အလွယ်တကူနှင့် သန့်ရှင်းသောရေ ရရှိရန် အဓိကထားတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Grand  Royal စက်ရုံတွင် ၀န်ထမ်းဦးရေ ၅၀၀ ကျော် ၀င်ရောက် လုပ်ကိုင်နေကြောင်း၊ လက်ရှိတွင် ၀န်ထမ်းများအနေဖြင့် အခြေခံလစာ အနည်းဆုံး ၄၃၀၀၀ မှ အများဆုံး ၅၁၀၀၀ အထိရရှိကြောင်း၊ ၀န်ထမ်းများက ကျပ် ၇၀၀၀၀ သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ကျပ် ၅၇၀၀၀ သို့သာ တိုးမြှင့်ပေးခဲ့သောကြောင့် ၀န်ထမ်းများက တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်းဆိုမှုတွင်ပါဝင်ခဲ့သော ၀န်ထမ်းများအားလုံးအား အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း စက်ရုံရှိတာဝန်ရှိသူများမှ ပြောကြားခဲ့ကြောင်း၊ သို့သော် လက်ရှိတွင် ခရိုင်အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် စက်ရုံမှတာဝန် ရှိသူများက အလုပ်သမားများ၏ တောင်းဆိုမှုများနှင့် စက်ရုံပိုင်ရှင်များဘက်မှ လိုက်လျောနိုင်မည့် အကြောင်းအရာများအား ၀ါဏ္ဍိဇပဋိပက္ခရုံး၌ ညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။