
မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်
တရုတ်လူမျိုးမှ ပြည်ကြီးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သဖြင့် ဆန္ဒပြအလုပ်သမားများအနေဖြင့် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ လုပ်သား ၂၀ ဦးမှ အစာငတ်ခံ ဆန္ဒပြမှု စတင်ပြုလုပ်နေပြီး အဆိုပါ ဆန္ဒပြမှုအား နေ့ည မရွေး ပြုလုပ်မည်ဖြစ်ကာ ထိုသို့ ဆန္ဒပြရန် ဆန္ဒဖြစ်ပေါ်သည့် လုပ်သားအင်အားများ နေ့စဉ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
တစ်လလုံးလုပ်တဲ့ လုပ်အားခ ၅၀၀၀ မပြည့်တဲ့ အလုပ်သမားတွေ အများကြီးပဲ၊ ဖျားလို့ နာလို့ ခွင့်ယူရင် ရက်မှန်ကြေး ၅၀၀၀ ဖြတ်တဲ့အပြင် ပျက်ရက် ၅ ရက်ကျော်ရင် တစ်လလုံးစာ ဖြတ်ပစ်လိုက်တယ်၊ အချိန်ပိုကြေးကလည်း တစ်နာရီ ၈၀ ကျပ်ပဲရတဲ့အပြင် အလုပ်ချိန် ၁၂ နာရီကျော်မှ အချိန်ပိုကြေး ရတယ် |

မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်
''မေလ ၁၉ရက်နေ့ နေ့လယ် ၂ နာရီမှာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည်အ၀ရဖို့ ပထမဆုံးအကြိမ် ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။ ညနေ ၆ နာရီမှာ ထပ်မံညှိနှိုင်းတော့ စက်ရုံမှုးဦးမြင့်ဆွေက မင်းတို့တောင်း ဆိုတာ ဘာမှ လုပ်မပေးနိုင်ဘူး၊ တိုင်ချင်ရာတိုင်လို့ ပြောတဲ့အတွက် ည ၈ နာရီမှာ အရေးပေါ် အစည်းအဝေးထိုင်ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့မှာ အလုပ်သမားတွေရဲ့ အဓိကတောင်းဆို ချက်ဖြစ်တဲ့ အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ကျပ် ၄၀၀၀၀ အထိ တိုးတောင်းတာကို မလိုက်လျောတဲ့အပြင် အလုပ်ရှင် ပြည်မကြီး ပြန်သွားတယ်ပြောလို့ မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးအထိ လမ်းလျောက် ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့က မေတ္တာရပ်ခံတားမြစ်ခဲ့လို့ ဒီအစီအစဉ်ပျက်သွားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေ မရမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်၊ ပြီးရင် အလုပ်သမား အင်အားစုထဲက အစာငတ်ခံ ဆန္ဒပြချင်တဲ့သူတွေကို နေ့စဉ် တိုးမြှင့်သွားမယ်''ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောသည်။
အလုပ်သမားများ တောင်းဆိုသည့်အချက် ၁၃ ချက်ရှိပြီး အဓိက တောင်းဆိုသည့် အချက်များမှာ အခြေခံလစာ တိုးမြှင့်ပေးရေး၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်နှင့် အခြားသော ခွင့်ခံစားခွင့်များပေးရေး၊ လူမှုဖူလုံရေး ကတ်ရရှိရေး၊ ဒဏ်ကြေးလျော့ပေါ့ရေး၊တရားဝင်ရုံးပိတ်ရက်များနှင့်အများ ပြည်သူရုံးပိတ်ရက်များတွင် အလုပ် ပိတ်ရေး၊စက်ရုံမှသိမ်းဆည်းထား သောမှတ်ပုံတင် ပြန်လည်ရရှိရေး၊ တရုတ်စက်ရုံမှုးနှင့်မြန်မာစက်ရုံမှုး အကြားနားလည်မှုရယူ၍အလုပ်လုပ် ရာတွင်ညှိနှိုင်းဆောင်ရွက် ရေး၊၀န်ထမ်းရေးရာဋ္ဌာနသီးခြား ဖွင့်လှစ်ပေးရေး၊လစဉ်လဆန်း ၇ ရက်မတိုင်မီ လစာရရှိရေး၊ ဋ္ဌာနတစ်ခုတွင် စကားပြန်တစ်ဦး ထားရှိရေး၊ ၀န်ထမ်းအားလုံး တိုးမြှင့်ဆုကြေး ခံစားခွင့်ရှိရေး၊ အလုပ်သမားများအတွက် လုပ်ငန်းသုံး ပစ္စည်းလိုအပ်ချိန်တွင် ရရှိရေး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား စက်ရုံအ၀င်ဝ တွင်ပင် ပေါက်ကွဲမှု မဖြစ်ပွားရေး ဆောင် ရွက်ပေးရန်၊လက်ရှိစက်ရုံမှုးအား တာဝန်မှရပ်ဆိုင်းပေးရန် စသည့် အချက်များတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
''စက်ရုံမှာ တစ်လလုံးလုပ်တဲ့ လုပ်အားခ ၅၀၀၀ မပြည့်တဲ့ အလုပ်သမားတွေ အများကြီးပဲ၊ ဖျားလို့ နာလို့ ခွင့်ယူရင် ရက်မှန်ကြေး ၅၀၀၀ ဖြတ်တဲ့အပြင် ပျက်ရက် ၅ ရက်ကျော်ရင် တစ်လလုံးစာ ဖြတ်ပစ်လိုက်တယ်၊ အချိန်ပိုကြေးကလည်း တစ်နာရီ ၈၀ ကျပ်ပဲရတဲ့အပြင် အလုပ်ချိန် ၁၂ နာရီကျော်မှ အချိန်ပိုကြေး ရတယ်။ ဒီကြားတဲ့ နန်းဆွဲတဲ့ သံချောင်းတွေ အနည်းငယ်ပွန်းပဲ့သွားရင် ပြန်ပြီးတော့ သံရည်ကျိုမခံဘဲ ဒဏ်ကြေး ၁၅၀၀၀ အထက်ရိုက်တယ်။ ဒီဆန္ဒပြမှုဖြစ်တာကလည်း အခြေခံလုပ်သားတွေရဲ့ အခွင့်အရေးကို အရမ်းဖိနှိပ်ထားလို့ပါ၊အခြားစက်ရုံတွေမှာအခြေခံ လစာ တစ်လ ကျပ် ၆၀၀၀၀ ၀န်းကျင် ရနေချိန်မှာ ကျွန်တော်တို့ လုပ်သား အားလုံးက အခြေခံလစာ ၁၆၀ ကျပ်ပဲ တပြေးညီရနေပါတယ်၊ ဒီအကြောင်းကို စက်ရုံမှုးကိုတင်ပြတော့ မင်းတို့ကို ထမင်းကျွေးထားတယ်၊ နေစရာပေးထားတယ်ပြောပါတယ်။ အလုပ်သမား မိသားစုတွေ ဘယ်လိုနေ၊ ဘယ်လိုစားရမလည်းဆိုတာ သူမစဉ်းစားဘူး''ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုအောင်ကိုလတ်က ပြောသည်။
အလုပ်သမားများ ဆန္ဒပြရာတွင် လိုအပ်ချက်များ ရရှိရေး ၊အလုပ်ရှင်နှင့် အလုပ်သမားအကြား တာဝန်ရှိသူများမှ ပြေလည်အောင် ညှိနှိုင်းပေးမပေးနှင့် ရန်ကုန်သရဖူ သံရည်ကျိုစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေး တို့အတွက် Action Labour Rights မှစောင့်ကြည့် ကူညီ ပေးနေပြီး ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီဖြေရှင်းပေးမှု လိုအပ်နေကြောင်း ယင်းအဖွဲ့အစည်းမှ ဥပဒေပညာရှင် ကိုသူရိန်အောင်က ပြောသည်။
အလုပ်သမားများ ဆက်လက် ဆန္ဒပြမည်ဆိုသည့် အချက်နှင့် ပတ်သတ်၍ စက်ရုံမှုးဦးမြင့်ဆွေ၊ဥပဒေအကြံပေးဦးခင်မောင်မြင့်နှင့် တွေ့ဆုံခွင့်တောင်းရာ စက်ရုံမှုး ဦးမြင့်ဆွေ အိမ်ပြန်သွားပြီဟု ပြောဆိုခဲ့ပြီး၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်မှာ စက်ရုံအတွင်း၌ အစည်းအဝေး ဆက်လုပ်နေသဖြင့် တွေ့ဆုံရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်သွယ်စုံစမ်း မေးမြန်းရန် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်နှင့် စက်ရုံဖုန်းနံပါတ် တောင်းခံရာတွင် ပေးပိုင်ခွင့်မရှိကြောင်း စက်ရုံ လုံခြုံရေးမှုးဦးမျိုးသန့်က ပြောသည်။
အဆိုပါ ဆန္ဒပြမှုမှာ စက်ရုံ သက်တမ်း ၁၀ နှစ်ကျော်ကာလ အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ယင်းစက်ရုံအား တရုတ်လူမျိုးမာစတာ ရှောက်စန်းပိုင်ဆိုင်ကာ ယင်းမှာ မြန်မာနိုင်ငံတွင် ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံ နှင့် Standard Cable ၀ါယာစက် ရုံနှစ်ခု ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရှိရပါသည်။
အထက်ပါသတင်းအား အတည်ပြုချက်ရယူရန် အလုပ်သမားခေါင်းဆောင် ကိုဇော်ထက်ထံမှ ရရှိသည့် ဖုန်းနံပါတ်ဖြင့် စက်ရုံဥပဒေအကြံပေး ဦးခင်မောင်မြင့် ကိုင်ဆောင်သည့် မိုဘိုင်းဖုန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းနံပါတ် မှားယွင်းနေပါသည်ဟု ဖြေကြားခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။