Thursday, May 31, 2012

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား လစာငွေ၏ သုံးလစာနှင့် ငါးလစာ ကရုဏာကြေးများ ထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း စက်ရုံဝင်းအတွင်းနှင့် စက်ရုံရှိ အလုပ်သမား အဆောင်များတွင် စာရွက်များကပ်၍ ကြေညာခဲ့သည်ဟု Hi Mo ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမားများ၏ ပြောကြားချက် အရ သိရှိရသည်။

“စာရွက်တွေကို ဒီနေ့မနက် စောစောမှာ စက်ရုံအတွင်းနဲ့ စက်ရုံ အဆောင်မှာ လာကြဲချသွားတယ်။ စာထဲမှာတော့ စက်ရုံက တစ်လစာပေးမယ့် လခနှုန်းထားကို ကပ်ထား တယ်။ သဘောမတူတဲ့သူတွေက လုပ်သက် သုံးနှစ်အောက်ကို လစာ ရဲ့သုံးလစာ၊ လုပ်သက် သုံးနှစ်နဲ့ အထက်ကို လစာရဲ့ငါးလစာ ကရုဏာ ကြေးထုတ်ပေးမယ်။ လျော်ကြေး မဟုတ်ပါဘူး။ ပြီးရင် အလုပ်ကထွက်နိုင်တယ်။ စက်ရုံကိုတော့ ပိတ်မယ် လို့မရေးထားဘူး။ ဒီအတိုင်းဖွင့်ထားမယ့် သဘောရှိတယ်”ဟု Hi Mo ဆံပင်တုစက်ရုံ အလုပ်သမား ကိုယ်စားလှယ်များက မေလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။
Hi Mo ဆံပင်တုစက်ရုံတွင် အလုပ်သမား ၁၉၅၀ ရှိပြီး ဆန္ဒပြအလုပ်သမား ၁၉၅၀ များမှ အဆိုပါ ကြေညာချက်ကို သဘောတူခြင်းမရှိကြောင်း၊သက်ဆိုင်ရာများသို့ စာတင်၍ ဆက်လက်ဆန္ဒပြ တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အလုပ်သမားအားလုံး သဘောမတူပါဘူး။ အလုပ်သမားဝန်ကြီးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေရဲ့အကူအညီနဲ့ သက်ဆိုင်ရာကို ထပ်ပြီး စာတင်သွားပါမယ်။ အလုပ်သမားတွေကိုတော့ လုပ်ငန်းခွင်ပြင်ပ မှာနေပြီး ဒီအတိုင်း ဆန္ဒမပြခိုင်းတော့ဘူး။ ကလေးတွေ ပင်ပန်းတယ်။ လိုအပ်မှ အားလုံးစုကြပါမယ်” ဟု အလုပ်သမားကိုယ်စားလှယ်များမှ ထပ်မံပြောကြားခဲ့ပါ သည်။
Hi Mo ဆံပင်တုစက်ရုံသည် ကိုရီးယားလူမျိုးပိုင် စက်ရုံဖြစ်ပြီး မေ လ ၉ ရက်နေ့မှ စတင်ကာ အလုပ် သမားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ သုံးကြိမ်စလုံး အလုပ်ရှင်ဘက်မှ ချိုး ဖောက်ခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။