Thursday, May 31, 2012

လမ်းမတော်မြို့နယ် ၇ လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခန်းအတွင်း ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး


သေဆုံးသူ၏ အလောင်းအား ကားပေါ်သို့ တင်ဆောင်နေစဉ်
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် လမ်းမတော်မြို့နယ် ၇ လမ်း တိုက်အမှတ် ၇၆(အေ) သုံးလွှာတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခန်းအတွင်း၌ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေရာ သေဆုံးပုံမှာ မသင်္ကာစရာများ တွေ့ရှိနေရခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအပြင် မှုခင်းတပ်ဖွဲ့(CID)မှ တာ ၀န်ရှိသူများလာရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသူတွင် ဦးခေါင်းဒဏ်ရာများ ရရှိနေသည်ကိုတွေ့ရကြောင်း၊ သေဆုံးရသည့်အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်းနှင့် ဆေးရုံမှ စစ်ဆေးချက်ထွက်ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း (CID) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
''နောက်စေ့မှာတော့ ဒဏ်ရာရထားတာ တွေ့ရတယ်။ ဒဏ်ရာက မီးမလောင်ခင်က ရတဲ့ ဒဏ်ရာလား မီးလောင်နေချိန်မှာ ရတဲ့ဒဏ်ရာလားဆိုတာ မသိရသေးပါဘူး။ လောလောဆယ်တော့ ဘာမှထင်မြင်ချက် မပေးလိုပါဘူး''ဟု CID မှ ရဲအုပ်မိုးဝင်းက ပြောပါသည်။

သေဆုံးသူ မိန်းကလေးမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူတစ်ဦးဖြစ်ပြီး၊ ယခုတိုက်ခန်းသို့ လွန်ခဲ့သည့် တစ်လကျော်ကမှ ပြောင်းရွှေ့ နေထိုင်လာကြသူများဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် အချိန်မှာ အဆိုပါလမ်းအတွင်း မီးပျက်နေသည့်အချိန်ဖြစ်ကြောင်း လမ်းမတော် ၇ လမ်းအတွင်း နေထိုင်သူများထံမှ သိရသည်။
''မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း သံသယဖြစ်ရာတွေတွေ့ရလို့ အကြောင်းအရင်းမှန်ကို စစ်ဆေးသွားမှာပါ။ ဆုံးရှုံးမှုတန်ဖိုးကတော့ ငါးထောင်ပဲ သတ်မှတ်ထားပါတယ်''ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  လမ်းမတော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။