Thursday, May 31, 2012

 မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေကို ပို၍ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန် လေ့လာလိုသဖြင့် ထိုင်းနိုင်ငံ မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့

MWRN Learning Center သို့ ရောက်ရှိလာစဉ်
မေလ ၂၉ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ ရက်နေ့တွင် ဘန်ကောက်မြို့အနီးရှိ မဟာချိုင်သို့ သွားရောက်ခဲ့ပါသည်။

မဟာချိုင်သို့ သွားရောက်ခဲ့ရသည့် အကြောင်းအရင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေကို လေ့လာလို၍ဖြစ်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန်အတွက် လေ့လာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က  မဟာချိုင်သို့ ရောက်ရှိခဲ့ပြီးနောက် မြန်မာအလုပ်သမားများအား ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

''ဒီကိုလာတာ အဓိကက မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့။ အခြေအနေကို သိချင်တယ်ဆိုတာ ဒီအခြေအနေကို ကောင်းသွားအောင်လို့ ဘယ်လိုလုပ်မလဲဆိုတာ လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာချင်တဲ့အခါ ပြန်လာချင်တဲ့ အခြေအနေ ဖန်တီးဖို့ပါပဲ။ ဒီလို အခြေအနေတွေ ဖန်တီးချင်တယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေအတွက် နှစ်သိန်းကျော်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာများ၏ မြို့တော်ဟုပင် ထိုင်းလူမျိုးများက သတ်မှတ်ထားသည့် ဒေသဖြစ်ပါသည်။  မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့်သတင်းကြောင့် မြန်မာအလုပ်သမားအများစုမှာ အလုပ်မှခွင့်ယူပြီး ကြိုဆိုခဲ့ကြကာ လူဦးရေ အရေအတွက် များပြားသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်နေသကဲ့သို့ပင် ခံစားရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့ပါသည်။
''ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံမှာ အလုပ်လာလုပ်တဲ့အခါ သတိပြုမိဖို့ လိုတာလေးတွေ ရှိတယ်။ နံပါတ်တစ်က ဘာလဲဆိုတော့ ကိုယ်လုပ်တဲ့အလုပ်မှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ တာဝန်သိသိနဲ့ လုပ်ရမယ်။  အဲဒီလိုလုပ်မှ ဒီကနိုင်ငံသားတွေကလည်း ကိုယ့်ကို လေးစားမှာ။ ဒါက အရေး ကြီးတယ်။ ဘာပဲပြောပြော အိမ်ရှင်နိုင်ငံကို ကျွန်မတို့ဟာ ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ ပထမဦးဆုံး အလုပ်ကတော့ ကိုယ့်ရဲ့အလုပ်ကို ကျွမ်းကျင်မယ်။ ကိုယ်ရဲ့တာဝန်ကို သိမယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အားလုံးကနေပြီးတော့ လေးစားမယ်၊ တန်ဖိုးထားမယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို ဥပဒေဘောင်များအတွင်းမှ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို မည်သည့်အခါမျှ မမေ့ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
''ဘာပဲပြောပြော ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး၊ အလုပ်သမားအားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်စောင့်ရှောက်ရမယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ ကျွန်မတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ မလိုဘူး။ စိတ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ။ ဒီအချိန်အခါမှာ ကျွန်မတို့ နိုင်ငံသားတွေက ဒီနိုင်ငံကိုလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျွန်မတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ရဲ့နိုင်ငံသားတွေရဲ့ တန်ဖိုးကလည်း တက်လာမှာပဲဆိုတာ ယုံကြည်ကြပါ။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဘယ်လိုရအောင် ကျွန်မတို့ ဒါကိုလေ့လာပြီးတော့ မျှမျှတတဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်တာဝန်တော့ ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ။ တာဝန်ဆိုတာဟာ ကိုယ့်ရဲ့ အမိနိုင်ငံအပေါ်မှာလည်း တာဝန်ရှိတယ်။ ကိုယ့်ရဲ့ အိမ်ရှင်နိုင်ငံအပေါ်မှာလည်း တာဝန်ရှိတယ်။ ဘာပဲပြောပြော ဟိုဘက် ဒီဘက်မြင်တဲ့ အမြင်ရှိမှ ကျွန်မတို့ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့ မမေ့ထားဘူးဆိုတာကိုတော့ ဘယ်တော့မှ သံသယမရှိပါနဲ့။ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထားပါဘူးလို့ ပြောပါရစေ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်  မဟာချိုင်၌ နေရာနှစ်နေရာ သွားရောက်ခဲ့ပြီး ပထမ သွားရောက်ခဲ့သည့်နေရာမှာ Talaat Kung (ပုစွန်ဈေး) ဖြစ်ပါသည်။ ထိုနောက် MWRN Learning Center သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား မိန့်ခွန်းပြော ကြားခဲ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။