Thursday, May 31, 2012

 ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဒန်နီရယ်တူး(လ်)နှင့် တွေ့ဆုံခြင်း

AddThis Social Bookmark Button
'ငြိမ်းချမ်းရေးဟာ ကလေးသူငယ်တွေ အသက်ရှင်သန်ဖို့အတွက် အကောင်းဆုံးပါပဲ'
မြန်မာကလေးသူငယ်များအား ထိရောက်စွာ ကူညီနိုင်ရေးအတွက် ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဒန်နီရယ်တူး(လ်)သည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့မှ ၁၈ရက်နေ့အထိ အလည်အပတ်ခရီး လာရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ယူနီဆက်နှင့် လုပ်ငန်းများ လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ၀န်ကြီးများ ၊ လုပ်ငန်း တွဲဖက် ဆောင်ရွက်နေသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ယခုနှစ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ ဆွေးနွေးချက်များကို သိရှိနိုင်ရန်အတွက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
မေး ။ ပထမဦးဆုံးအနေနဲ့ ခရီးစဉ်အတွင်း အစိုးရ အကြီးအကဲတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနက ၀န်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးမှုမှာ ဘယ်ကဏ္ဍတွေ ပါဝင်ခဲ့သလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ပထမဦးဆုံး နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရဌာနအသီးသီးက ၀န်ကြီးတွေနဲ့ မြန်မာနိုင်ငံမှာ အခုလို နိုင်ငံတကာက ဧည့်သည်တော်တွေကို ထူးခြားတဲ့အချိန်မျိုးမှာ တွေ့ဆုံခွင့် ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက် မိကြောင်း ပြောချင်ပါတယ်။ ဒုတိယသမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ကို ဆက်လက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်လို့ သိရတဲ့အတွက် ကျေနပ်မိပါတယ်။ ယူနီဆက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ ပြည်သူတွေအတွက် နှစ်ပေါင်းကြာမြင့်စွာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ် သုံးပုံတစ်ပုံက အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတဲ့အတွက် ကလေးသူငယ်များအတွက် အာဟာရ ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်တွေ၊ အရည်အသွေး ကောင်းမွန်တဲ့ အခြေခံမူလတန်းပညာရေးကို ကလေးအားလုံး လက်လှမ်းမီရရှိစေဖို့ အရေးကြီးပုံတွေ၊ ကလေးတွေအားလုံး မူလတန်းပညာရေး ဆုံးခန်း တိုင်ပြီးစီးအောင် ထားနိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကလေးသူငယ် လူကုန်ကူးခံရမှုနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရမှု ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ရမယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု ရလဒ် တွေအားလုံး ကတကယ့်ကို အပြုသဘောဆောင်ပါတယ်။
မေး ။ မြန်မာနိုင်ငံကို လာရတဲ့ ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ ။ ကျွန်တော် မြန်မာနိုင်ငံကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ပြောင်းလဲမှုတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့အတွက် ယူနီဆက်ရဲ့ ဆက်လက် ကူညီပံ့ပိုးမှုတွေကို ထပ်လောင်းရှင်းပြဖို့အတွက် အစိုးရလူကြီးတွေနဲ့ တွေ့ဆုံဖို့ လာရောက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်းမှာ ယူနီဆက်ရဲ့အကူအညီတွေ လိုအပ်နေတဲ့ ကလေးသူငယ်တွေကို အခုလို ပြောင်းလဲမှုကာလအတွင်းမှာ အပြည့်အ၀ ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ယူနီဆက်မြန်မာ ၀န်ထမ်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လာရောက်ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဘေးအန္တရာယ် ကျရောက်မှုကြောင့် အဆက်ပြတ်နေတဲ့ဒေသတွေမှာ ကူညီထောက်ပံ့မှုတွေကို ဆက်လက် ပေးအပ်သွားဖို့အတွက် လိုအပ်ချက်တွေကို ဆွေးနွေးဖို့ မြန်မာ နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အခြားအေဂျင်စီတွေနဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။
မေး ။ ခရီးစဉ်အတွင်း မန္တလေးမှာကျင်းပတဲ့ အလှူရှင်များ ညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲရဲ့ ရလဒ်တွေကိုလည်း ပြောပြပေးပါ။
ဖြေ ။ မန္တလေးမှာ ကျင်းပခဲ့တဲ့ အလှူရှင်များ ညီလာခံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ အလှူရှင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေကို ပြန်ပြီး ကတိက၀တ် ပြုနိုင်ဖို့အတွက် အကြံဉာဏ်ယူတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ အလှူရှင်တွေအားလုံးက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ ဒီပြောင်းလဲမှု ဖြစ်စဉ်တွေ ပေါ်ပေါက်အောင် ဆောင်ရွက်နေတဲ့ အစိုးရရဲ့ ဦးဆောင်မှုကဏ္ဍအပေါ် များစွာ အပြုသဘောမြင်နေပါတယ်။
မေး ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကိုလည်း ပြောပြပေးပါ။
ဖြေ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ကလေးသူငယ်တွေ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး စိတ်ဝင်စားပါတယ်။ ကလေးသူငယ်တွေနဲ့ လူငယ်တွေ အခွင့်အလမ်းတွေ တိုးတက်ဖို့အတွက်လည်း စိတ်ဝင်စား တယ်ဆိုတာ သတိပြုမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရေကောင်းရေသန့် ရရှိရေး၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ်ချက် တွေကို ဆွေးနွေးခဲ့ပါတယ်။ ကလေးတွေ သင်ယူနိုင်အောင်၊ မေးခွန်းတွေ ထုတ်နိုင်အောင်၊ နားလည်သဘောပေါက်နိုင်အောင် အားပေးမယ့် အရည်အသွေးကောင်းမွန်တဲ့ အဆင့်မီပညာရေးအတွက် လိုအပ်ချက်တွေကို လည်း သူမက ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကလေးသူငယ်တွေ အတော်များများနဲ့ သာတူညီမျှရှိပြီး ရေရှည်သင်ကြားနိုင်တဲ့ ပညာရေး အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို သတိပြုဖို့ အကြံပြုခဲ့ပါတယ်။ သူမဟာ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ သူတစ်ဦးလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်တဲ့အတွက် သူမရဲ့အခန်းကဏ္ဍက အလွန်ကြီးမားပါတယ်။ ကျွန်တော်တို့ ယူနီဆက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အခြားသူတွေနဲ့ပါ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ဦးစားပေး ပူးပေါင်းဆောင်ရွက်လို့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။
မေး ။ ယူနီဆက်အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲအတွက် ဘယ်လို အကူအညီတွေပေး နေပါသလဲ။
ဖြေ ။ ယူနီဆက်က ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ စတင်ဖြစ်ချိန်ကစပြီး ကလေးသူငယ်တွေနဲ့ စစ်ရှောင်ပြည်သူတွေကို အကူအညီတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကာကွယ် ဆေးထိုး ဆေးတိုက် ကျွေးရေး၊ ကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေး စတာတွေကို ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လက လူသားချင်း စာနာထောက်ထားရေး ယာဉ်တန်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဝေငှပေးခဲ့တယ်။ သူတို့ ဘယ်နေရာပဲ ရောက်နေရောက်နေ ကလေးတွေမှာ တူညီတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် ယူနီဆက်က အကူအညီတွေကို ဆက်  လက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကူညီထောက်ပံ့ဖို့ အားလုံးကို တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေးဟာ ကလေးသူငယ်တွေ အသက်ရှင်သန်ဖို့အတွက် အကောင်းဆုံးပါပဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။
မေး ။ လူကြီးမင်းအနေနဲ့ ယခုလာရောက်ခဲ့တဲ့ ခရီးစဉ်အပေါ် သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ ။ ဒီခရီးစဉ်ဟာ အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံက အဆင့်မြင့်တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရတာ သူတို့ရဲ့ ဆန္ဒနဲ့ ခံယူချက်တွေဟာ အနာဂတ်မြန်မာနိုင်ငံ ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် အများကြီး အကောင်းမြင်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးသူ ငယ် အခွင့်အရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
မစ္စတာဒန်နီရယ်တူး(လ်)၏ ကိုယ်ရေးအကျဉ်း
အမည် ။ မစ္စတာဒန်နီရယ်တူး(လ်)
မွေးဖွားရာဇာတိ ။ အမေရိကန်ပြည်ထောင်စု
တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရာထူးများ ။ နယူးယောက်မြို့ရှိ ယူနီဆက်ရုံးချုပ်တွင် အရေးပေါ်လုပ်ငန်း အစီအစဉ် ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ နီပေါနိုင်ငံ ခေတ္တမဒူမြို့တွင် ယူနီဆက် တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း စသည့် တာဝန်များဖြင့် နှစ်ပေါင်း ၂၀ ကျော် ယူနီဆက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
လက်ရှိ တာဝန်ထမ်းဆောင်သည့် ရာထူးနှင့် လုပ်ဆောင်ချက်များ ။ မစ္စတာဒန်နီရယ်တူး(လ်)သည် ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ယခုနှစ်အစောပိုင်းမှ စတင် တာဝန် ထမ်းဆောင် ခဲ့ကြောင်း၊ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်၍ မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံပေါင်း ၂၈ နိုင်ငံအတွက် ဖွင့်လှစ်ထားသည့် ယူနီဆက်ရုံးခွဲ ၁၄ ခုအတွက် မူဝါဒ ချမှတ်ရေးဆွဲရေး၊ လုပ်ငန်းအစီအစဉ် ပေါင်းစည်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပညာပေး စည်းရုံးရေး စသည့် လုပ်ငန်းတာဝန်များကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။