Thursday, May 31, 2012

အလုပ်သမားများအား ပြည်သူကမမေ့ထားဘူးဆိုတာ ပြောဖို့လာရောက်ခြင်းဖြစ်ကြောင်း ကိုမင်းကိုနိုင်ဆို

အလုပ်သမားများအား ပြည်သူလူထုက မမေ့ထားဘူးဆိုတာကို ကိုယ်စားပြောဖို့လာရောက်ခြင်း ဖြစ်ကြောင်း (၈၈)မျိုး ဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လှိုင်သာယာဆန္ဒထုတ်ဖော် တောင်းဆိုသောစက်ရုံများသို့ ဒုတိယအကြိမ်လာရောက်စဉ်က  ပြောကြားခဲ့သည်။
  
 
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊မနီလာသိန်းနှင့် မမီးမီး တို့ ဟိုက်မိုဆံပင်တုစက်ရုံ၊   တော်ဝင်မြန်မာစက်ရုံ၊ Sunny အထည်ချုပ်စက်ရုံ၊ Myanmar Sunny ဖိနပ် စက်ရုံသို့ သွားရောက်ခဲ့ပြီး ကိုမင်းကိုနိုင်မှ ဆန္ဒ ထုတ်ဖော်အလုပ်သမားများအား အားပေးစကားပြော ကြားခဲ့သည်။
 
 
“အစ်ကို ဒုတိယအကြိမ် ဒီနေရာကို ပြန်ရောက်တာဖြစ်တယ် ဘက်လိုက်မြှေက်ပေးဖို့မရှိဘူး နောက် တစ်ခုက အစ်ကိုတို့ညီမတွေကကို လက်ဖျားနဲ့အတို့မခံဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီပြသာနာက အကြမ်းဖက်ဖြေရှင်းရမှာ တစ်ခုမှမပါပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောသည်။
 
အလုပ်ရှင်နဲ့ အလုပ်သမားရှိနေသ၍ ဒီလိုပြသာနာမျိုးတွေရှိနေမှာဖြစ်ကြောင်း အလုပ်ရှင်တွေ ဘက်ကလဲ ခြိမ်းခြောက်၍ ကိုယ်ထိ လက်ရောက  မကျူးလွန်စေချင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင်က အဆိုပါ အလုပ်ရှင် အလုပ် သမားပြသာနာကို ညှိနှိုင်းဖြေရှင်းပေးရေးအဖွဲ့ဖွဲ့ရန် သဘောတူလိုက်ပြီဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များသွားရောက်ခဲ့သောစက်ရုံများမှ ဟိုက်မိုဆံပင်တုစက်ရုံမှာ သဘောတူစာချုပ်ချုပ်ဆိုပြီး၊ စာချုပ်ဖောက်ဖျက်ခံရ၍ ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်။
 
တော်ဝင်မြန်မာစက်ရုံ၊ Sunny အထည်ချုပ်စက်ရုံ၊ Myanmar Sunny ဖိနပ်စက်ရုံမှ ဆန္ဒပြလုပ်သား များမှာ လုပ်ခလစာတိုးမြှင့် ရရှိရန်အတွက်   ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်ပြီး၊ မေလ(၂၉)ရက်နေ့က တော်ဝင်မြန်မာစက်ရုံမှ ဆန္ဒပြလုပ်သားများနှင့် လုံခြုံရေးဝန်ထမ်းများ ပြသာနာဖြစ်ပွားရာမှ ဆန္ဒပြ အလုပ်သမ(၃)ဦး ပါးရိုက်ခံရကာ လှိုင်သာယာရဲစခန်းတွင် တိုက်ချက် ဖွင့်ထားသော်လည်း ရဲစခန်းမှ အဆိုပါအမှုအား လက်ခံခြင်းမရှိကြောင်း ကိုလည်း ဆန္ဒပြလုပ်သားများထံက သိရှိရသည်။
 
“ အခုလို ကိုမင်းကိုနိုင် လာရောက်အားပေးစကားပြောတဲ့အတွက် အားရှိတယ်၊ တစုံတစ်ယောက်က မြှောက်ပေးလို့ ဒီလို ဆန္ဒထုတ်ဖော်ပွဲတွေလုပ်တာ မဟုတ်ပါဘူး၊ အခုအခက်ခဲတွေဖြစ်တော့မှ သူတို့လာရောက်ကူညီပေးတာပါ ‘’ဟု ဆန္ဒပြ လုပ်သားများကိုယ်စား  ဟိုက်မိုစက်ရုံမှ အလုပ်သမားခေါင်းဆောင် မယမင်းလွင်က ပြောကြားခဲ့သည်။
 
အလုပ်သမားများ ကာလတစ်ခုအနေဖြင့် စိတ်ရှည်သည်းခံဖို့လိုကြောင်း ဘာမဆိုအလကားမရတဲ့ လောကကြီးရဲ့ထုံးစံအတိုင်း ထိုက်တန်သော ညဉ်းခံစိတ်ရှည်မှု လိုအပ်ကြောင်း ကိုမင်းကိုနိုင်က အလုပ်သမားများသို့ ပြောဆိုခဲ့သည်။
 
“စက်ရုံအလုပ်ရုံတစ်ခုဟာ အလုပ်သမားဆန္ဒပြလို့ဆိုပြီး လွယ်လွယ်နဲ့ စက်ရုံပိတ်ပြီး သူ့တိုင်းသူ့ ပြည်ပြန်မယ်ဆိုတာ ဘယ်တော့မှမရဘူး အဲလိုလွယ်လွယ်ကူကူနဲ့ ဒို့မြေပေါ်မှာလာပြီး ကြိုက် သလိုခိုင်းမယ် ဈေးပေါ်ပေါ်နဲ့ ရတုန်းလုပ်မယ် ထိုက်သင့်တာကိုတောင်းတဲ့အခါမှ စက်ရုံပိတ်ပြီးပြန်မယ် ဒါမျိုးမရဘူး”ဟု ကိုမင်းကိုနိုင်က ပြောသည်။
 
ဤကဲ့သို့ စက်ရုံပိတ်ပြန်မည်ဆိုပါက ထိုက်သင့်သောလျော်ကြေးပေးရမည်ဖြစ်ကြောင်း အဲလိုအချက်များအား အလုပ်သမားများသိရှိရန်လိုကြောင်း၊ ခြိမ်းခြောက်တိုင်း ကြောက်ရန်မလိုကြောင်း ဆွေးနွေးပြီးအဖြေရှာသော ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ကြောင်း နှစ်ဦးနှစ်ဖက် သူ့ဘက်ကိုယ့်ဘက်ညှိနှိုင်းရမည်ဖြစ်ကြောင်း ကိုမင်းကိုနိုင်ကပြောသည်။
 
“လောကမှာ တစ်ရာကတောင်းတိုင်း တစ်ရာရခြင်မှ ရမှာမဟုတ်ဘူး ကျေနပ်လောက်တဲ့ အတိုင်းတာရရင် သပိတ်လှန်ပြီးအောင်ပွဲခံပြီး အလုပ်လုပ်နိုင်တယ် တသက်လုံးသွားရမယ့် ယဉ်ကျေးမှုဖြစ်တယ်” ဟုကိုမင်းကိုနိုင်ကအလုပ်သမားများကိုပြောသည်။
 
အလုပ်သမားများအား ပြည်သူတွေက မမေ့ထားကြောင်း တကယ်အမှန်တခုရားအတွက်  ဖြစ်သင့် ဖြစ်ထိုက်သော အရာအတွက် မျှတမှုစွာ အပင်ပန်းခံ ဆင်းရဲခံနေကြသည်ကို ပြည်သူလူထုက မမေ့ထားဘူးဆိုတာကို ကိုယ်စားပြောဖို့   ရောက်လာ တာဖြစ်ကြောင်းကိုလည်း ကိုမင်းကိုနိုင်က ပြောကြားသည်။
အနုပညာရှင်များကလဲ အလုပ်သမားများခဏတာငတ်မွတ်မှုပြေလည်စေရန် အဆိုတော် အနဂ္ဂ ထွန်းအိန္ဒြာဗိုလ်၊သံသာဝင်း၊ သျှီ ၊ ဒါရိုက်တာ ကြည်ဖြူသျှင် နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့မှ အလုပ်သမားများအတွက် လှူဒါန်းကြောင်းကိုလည်း သိရှိရသည်။
 
“နိုင်ငံတကာကလာပြီးတော့ စော်ကားတာအစ်ကိုမခံနိုင်ဘူး အကျိုးတူတာပဲအစ်ကို လိုချင်ပါတယ် ဆက်ပြီးအမှန်တရားဖော် ထုတ်ဖို့အစ်ကိုရှိနေမယ် ပြည်သူတွေနဲ့အတူ ပြည်သူထဲကမွေးလာတဲ့အစ်ကိုတို့က ပြည်သူထဲကမွေးလာတဲ့  မင်းတို့လို ညီမတွေအတွက်အမြဲတမ်းအတူရှိနေပါတယ်လို့ပြောရင်းနဲ့ အစ်ကိုရဲ့အားပေးစကားကို နိဂုံးချုပ်ပါတယ် ”ဟုကိုမင်းကိုနိုင်က အလုပ်သမားများသို့ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။