Thursday, May 31, 2012

ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံရေးပါတီများပါဝင်ပတ်သက်မှုရှိ၍ ရွေး/ကော် သတိပေး

အလုပ်သမားဆန္ဒထုတ်ဖော်မူနှင့် လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံရေးပါတီများက ပါဝင်ပတ်သက်   နေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲမရှင်မှ နိုင်ငံရေးပါတီ(၅)ခုအား မေလ(၂၉)ရက် နေ့ကခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
 
 
ဆန္ဒပြမှုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပါဝင်ပတ်သက်မှု များကြောင်းကိုလည်း ပါတီတာဝန်ရှိသူများထံက သိရှိရသည်။
 
 “ပါတီတွေအနေနဲ့ အလုပ်သမားတွေဆန္ဒပြမူနဲ့ ပတ်သက်နေတယ်ဆိုပြီးတော့ အလုပ်ရှင်တွေက၀န်ကြီးဌာန ကိုတိုင်တော့ ၀န်ကြီးဌာနကလဲ အလုပ်သမားကိစ္စကို ကော်မရှင်ကို တင်ပြလာတာဖြစ်လို့ အခုလို ခေါ်ယူ ဆွေးနွေးရတာ   ဖြစ်တယ်လို့ ပြောပါတယ်။ နောက် လျှပ်စစ်မီးပြတ်တောက်ရတဲ့ အကြောင်းကိုလဲ လျှပ်စစ် ၀န်ကြီးဌာနရဲ့ ဒု-၀န်ကြီးကလည်း ဆွေးနွေးတင်ပြခဲ့တယ်” ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒုတိယဥက္ကဌ ဦးစိုးဝင်း ကပြောသည်။
 
နိုင်ငံရေးပါတီများ တည်ထောင်လာခြင်းသည် ပြည်သူ့ကိုယ်စားပြု ပြည်သူ့များ၏ အခက်အခဲ၊ အလုပ်သမားများ ၏အခက်အခဲများ၊ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်နိုင်ရန်၊ ပြသာများကြုံတွေ့နေပါက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း  ၄င်းကဆက်လက်ပြောသည်။
 
“ကျွန်တော်တို့ ဆန္ဒပြတဲ့နေရာမှာ ကိုယ်ချင်းစာပြီး လာကူညီကြတာပါ။ NLD ရော၊ NDFရော၊  ကြံ့ခိုင်ရေးရော အခြားပါတီတွေရော သူတို့တက်နိုင်တာတွေကို လာကူညီကြပါတယ်။ ဆူပူအောင်တော့ ဘယ်သူ၊ ဘယ်ပါတီ ကမှ လုပ်နေတာမဟုတ်ပါဘူး။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အားလုံးဝိုင်းဝန်း ကူညီကြတာပါ” ဟု လှိုင်သာယာစက်မူဇုန်(၁)တွင်း ဆန္ဒပြတောင်းဆိုမူများတွင် သောက်သုံးရေလှူဒါန်နေသူ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောသည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ဆွေးနွေးတင်ပြမူများတွင် ဖြစ်သင့်သည်ထက် ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဒီမိုကရေစီအသွင်ကူပြောင်းစတွင် လိုအပ်ချက်များရှိနေသေး ကြောင်း၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းထားစဉ် နိုင်ငံဖွံ့ဖြိုးရေး နှေးကွေးမှု မဖြစ်စေရန်၊  ပြည်သူများ၏ လိုအပ်ချက်အား ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါဆွေးနွေးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးခန်းမတွင် ပြုခဲ့ပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊   ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊(ဂဂ)မျိုးဆက်ညီနောင်များ ပါတီမှ တာဝန်ရှိသူများနှင့် အလုပ်သမားဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။