Thursday, May 31, 2012

 လုံးခင်း၊ ဖားကန့်ဒေသများရှိ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများ အားလုံးကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရမည်

AddThis Social Bookmark Button
596
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများကို ဇန်န၀ါရီလ ၂၀ရက်နေ့က တွေ့ရစဉ်

ယခုနှစ် မိုးရာသီတွင် မလိုလားအပ်သော လုပ်ငန်းခွင်ဘေး အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေရန် ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ အားလုံးကို မေလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သတ္ထုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတ္ထုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “မေလ ၂၃ရက်နေ့မှာ ၀န်ကြီးရုံးညွန့် ကြားချက်နဲ့ ယခုနှစ်မိုးရာသီကာလ မှာ လုံးခင်း၊ ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ထုတ်ပြန်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
သတ္ထုတွင်းဝန်ကြီးဌာနမှ လုံးခင်း၊ ဖားကန့်ဒေသရှိ ကျောက်မျက် ရတနာလုပ်ငန်းရှင်များထံ ညွှန်ကြား ထားသော ကြေငြာချက်မှာ “လုံးခင်း ၊ဖားကန့် ရတနာနယ်မြေအတွင်း ကျောက်စိမ်း တူးဖော်လျှက်ရှိသော ကုမ္ပဏီများအနေဖြင့် ယခုနှစ်မိုးတွင်းကာလ၌ မလိုလားအပ်သော လုပ်ငန်းခွင် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေရေးအတွက် ၂၀၁၂ ခုနှစ် မေလကုန်မှစ၍ ပွင့်လင်းရာသီကာလ မတိုင်မီအထိ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများကို ယာယီရပ်နားထားရန် ညွှန်ကြားသည်။ ရပ်နားစဉ်ကာလအတွင်း လုပ်ငန်းသုံး စက်ယန္တရားများ၊ မော်တော်ယာဉ်များ၊ ရိက္ခာ စက်သုံးဆီများ လုပ်ငန်းသုံးယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရရှိထားသည့် ကျောက်စိမ်းရိုင်းများကို လုံခြုံစိတ်ချရသည့် နေရာများသို့ ရွှေ့ပြောင်း သိမ်းဆည်းထားရှိစေရန်၊ မလိုလား အပ်သောဖြစ်စဉ် ဖြစ်ရပ်များမဖြစ်ပေါ်စေရန်အတွက် လုပ်ကွက်လုံခြုံရေး ကိစ္စအ၀၀ကို ကုမ္ပဏီအစီအစဉ်ဖြင့် စနစ်တကျ စုဖွဲ့စီမံဆောင်ရွက်ထား ရှိစေရန်၊ ကုမ္ပဏီဝန်ထမ်းများ လုံခြုံရေးအုပ်ချုပ်မှု အဆောက်အဦး ယာယီသိုလှောင် ဂိုဒေါင်များရှိ ရတနာပစ္စည်းများ လုံခြုံရေး စာရွက်စာတမ်းများ လုံခြုံရေးများကို ဂရုစိုက်စီမံဆောင်ရွက်ရန်၊ ထူးခြားမှုအခြေအနေရှိပါက ကျောက်စိမ်းတူးဖော်ရေး ဌာန (လုံးခင်း)သို့ အချိန်နှင့်တပြေးညီ တင်ပြရန်၊ တူးဖော်မှုလုပ်ငန်း ရပ်နားထားသော်လည်း ဥရုချောင်းတွင် ချောင်းလက်တက်များ ရေစီးရေလာကောင်းမွန်ရေးအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် အရေးပေါ်အခြေအနေများတွင် စက်ယန္တရားများ အသုံးပြုနိုင်ရေးအတွက် အုပ်ချုပ်မှု ဆိုင်ရာကိစ္စများ ကြိုတင်စီမံထားရှိရန် စသည်တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒေသများသို့သွားရောက် ကျောက်စိမ်းတူးဖော်နေသည့် လုပ်ငန်းရှင်တစ်ဦးက “ကျောက်စိမ်း လုပ်ကွက်တွေကို KIA က ဆက်ကြေးတောင်းတာတွေရှိတယ်။ မိုင်းထောင်ဖောက်ခွဲတာတွေ ရှိလာတယ်။ အခုလို အစိုးရဌာနဆိုင်ရာကနေ မှော်တွေပိတ်လိုက်တဲ့အတွက် အဲဒီဒေသ တွေမှာရှိတဲ့ ကုမ္ပဏီတွေက စက်တွေ သယ်ပြီး အကုန်ပြန်ဆင်းကြတယ်။ ပြန်ဆင်းကြတဲ့အခါမှာ KIA အဆင်းမခံဘူး။ မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းမှာ လုပ်ငန်းသုံစက်တွေ၊ မြေတူးစက်တွေကို အသယ်မခံဘဲ ဖားကန့်မှာ ပြန်ထားခိုင်းပါတယ်။ ဒါပေမယ့် လူတွေ တော်တော်များများကတော့ အကုန်ပြန်ဆင်းကုန်ကြပါပြီ။ ရေမဆေးကျောက် ရှာတဲ့အဖွဲတွေလည်း အကုန်ပြန်ဆင်းကုန်ကျပြီ။ တစ်ရက်ကို ထောင်နဲ့သောင်းနဲ့ချီပြီး  ပြန်ဆင်းနေကြပါတယ်။ အခုကုန်သလောက်ရှိပါပြီ။ လုပ်ငန်း၆လ လောက် ရပ်နားရတဲ့အတွက် နစ်နာမှုတွေအတွက် သက်ဆိုင်ရာက ပြန်စီစဉ်ပေးမယ် လို့တော့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။