Thursday, May 31, 2012

နေပြည်တော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နေ့လျှင် ၅၀ မဂ္ဂါဝပ်ရှိခဲ့ရာမှ မဂ္ဂါဝပ် ၃၀ အထိ လျော့ချသုံးစွဲထားကြောင်း သိရ

AddThis Social Bookmark Button
နေပြည်တော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယခင်က တစ်နေ့လျှင် ၅၀ မဂ္ဂါဝပ်သုံးစွဲခဲ့ရာမှ ယခုရေနည်းကာလတွင် မဂ္ဂါဝပ် ၃၀ ခန့်သာ သုံးစွဲတော့ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော် အ၀န်းအ၀ိုင်းအတွင်းရှိ သီရိ ၅ မြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များနှင့် အထင်ကရလမ်းမကြီးများဖြစ်သည့် ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ ဧက ၁၀၀၀၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီး၊ အစိုးရ၀န်ကြီးဌာနရုံးများမှ စစ်ရုံးချုပ်သို့သွားသည့် လမ်းမကြီးများပေါ်ရှိ လမ်းမီးတိုင်များရှိ အရေးကြီးနေရာများတွင်ပင် ယခင်ကဲ့သို့ လမ်းမီး အပြည့်အ၀ ထွန်းမှုမရှိတော့ကြောင်း သိရသည်။

''နေပြည်တော်အ၀န်းအ၀ိုင်း အတွင်းမှာ လျပ်စစ်ဓာတ်အားသုံးစွဲမှု တွေကို ဒီလ ၂၂ ရက်နေ့ကစပြီး အရင် သုံးစွဲတဲ့ ပမာဏအတိုင်း သုံးစွဲမှုမရှိ တော့ပါဘူး။ အရင်ကဆိုရင် နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက တစ်နေ့ကို ၅၀ မဂ္ဂါဝပ် ရှိခဲ့ပါတယ်။ အခုတော့ လျှပ်စစ်ဓာတ်အား ရရှိမှုအပေါ်မူတည်ပြီး တစ်နေ့ကို ၃၀ မဂ္ဂါဝပ်အထိ လျော့သုံးတဲ့နေ့ ရှိသလို ၄၀ မဂ္ဂါဝပ် သုံးတဲ့နေ့တွေလည်း ရှိပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

၎င်းက ဆက်လက်ပြောကြားခဲ့ ရာတွင် ''အဓိကကတော့ ရေအားလျှပ်စစ်ဓာတ်အားလိုင်းဟာ ရေရရှိမှုအပေါ်မှာ မူတည်ပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ အပူချိန်မြင့်တက်ပြီး မိုးခေါင်တော့ ဆည်တွေ၊ ချောင်းတွေ မြစ်တွေမှာ ရေနည်းပါးလာတော့ လျှပ်စစ်ထုတ်လွှတ်ရာမှာ အခက်အခဲ ဖြစ်လာပါတယ်။ အဲဒီတော့လျှပ်စစ်ထွက်ရှိမှု နည်းလာတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေတဲ့ ပမာဏလည်းနည်းသွားတာပေါ့။ လမ်းမီးတိုင်တွေမှာ မီးလုံးအရေအတွက် လျော့ထွန်းထားတဲ့အပြင် အရေးကြီးတဲ့နေရာတွေမှာတောင် လမ်းမီး လျော့ထွန်းထားပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။

နေပြည်တော်လမ်းမကြီးများရှိ လမ်းမီးအသုံးပြုမှု လျော့ချသကဲ့သို့ နေပြည်တော် အ၀န်းအ၀ိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း မီးဖြတ်တောက်မှု ရှိသော်လည်း အချိန်သတ်မှတ်၍ ဖြတ်တောက်ခြင်း မရှိသေးဘဲ လိုအပ်မှသာ ခေတ္တမီးဖြတ်လျက်ရှိပြီး မိုး တွင်းကာလ ရောက်ရှိပြီးရေများလာပါက လျှပ်စစ်မီး အပြည့်အ၀ ပြန်လည်ရရှိနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။