Thursday, May 31, 2012

EFR ကုမ္ပဏီက တရားစွဲ၍ ရေတာရှည်မြို့နယ် ၀ါးရုံလဲလယ်သမားများအမှုရင်ဆိုင်နေရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ရဲကုန်းကျေးရွာအုပ်စု ၀ါးရုံလဲကျေးရွာရှိ လယ်သမားများအား EFR ကုမ္ပဏီမှ တရားစွဲဆိုထားသောကြောင့် လယ်သမားများမှာ မေလ(၃၀)ရက်နေ့တွင် ပဲခူးတိုင်းတရားရုံးတွင် အမှုရင်ဆိုင်ရမည် ဖြစ်သည်။

 
အထက်ပါကိစ္စနှင့်ပတ်သက်၍ တောင်သူများက နိုင်ငံတော်သမ္မတကြီးထံသို့လည်း  မေလ(၂၆) ရက်နေ့က ဓါးမဦးကျ လုပ်ကိုင် လာ ခဲ့သော   မြေဧက (၃၀၀)ကျော်အား ပုဂ္ဂလိကကုမ္ပဏီမှ သိမ်းယူပြီး မတရားဆောင် ရွက်နေခြင်းအပေါ် တည့်မတ်ဆောင် ရွက်ပေးရန်   တောင်သူ (၃၂) ဦးတို့မှ လက်မှတ်ရေးထိုး၍ မေတ္တာရပ်ခံ အသနားခံစာ တင်ထားကြောင်း သိရသည်။

ပဲခူးရိုးမပြင်ပကာကွယ်တော (သစ်ထုတ်နိုင်မှုမရှိသောဧရိယာ)တွင် သစ်တောဦးစီးဌာနမှ တရားဝင်သီးနှံစားချ ထားမှုအရ   တောင်သူ များမှာ ၁၉၇၂-၇၄ ခုနှစ်မှ စတင်စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် တောင်သူများက ၄င်းမြေပေါ်တွင် တဲဆောက်ခြင်း  အပေါ် EFR ကုမ္ပဏီ( Ever Flow River Agro-Venture Co.,Ltd)မှတောင်သူ (၅) ဦးအား ၀တ္တရားနှောင့်ယှက်မှု၊ ကျုးကျော်ဝင်ရောက်မှု ဥပဒေပုဒ်မ (၅၀၆)အရ တရားစွဲဆိုထားခြင်းဖြစ်သည်။ 


“ကိုယ့်အကွက်ထဲမှာ တဲဆောက်တာကို သူတို့က မတရားပုဒ်မနဲ့စွဲဆိုထားတာကို ကျွန်တော့်ဘက်က သက်သေ အထောက်အထားနဲ့ ထုချေရမှာပဲ၊ သက်ဆိုင်ရာမြေစာရင်းက သီးစားခကို နှစ်စဉ်ဖြတ်ခိုင်းလို့ ကျွန်တော်တို့ လက်ထဲမှာ သီးစားခဖြတ်ထားတာတွေ ရှိပါတယ်၊ သူတို့က ကျွန်တော်တို့ကို ၀တ္တရားနှောင့်ယှက်မှု၊ ခြိမ်းခြောက် မှုတွေနဲ့ တရားစွဲဆိုထားတာ ဒီမေလ (၃၀) ရက်နေ့ကို ရုံးချိန်းရှိပါတယ်” ဟု ရေတာရှည်မြို့နယ် ရဲကုန်းအုပ်စု ၀ါးရုံလဲကျေးရွာမှ တောင်သူဘကြီးအောင်က ပြောသည်။ 

ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ EFR ကုမ္ပဏီအား ပုဂ္ဂလိက ရာဘာစိုက်ခင်းတည်ထောင်ရန်အတွက် ချထားပေးခဲ့သော   ရေတာရှည်မြို့နယ် ဂွေးသဲကြိုးဝိုင်း အမှတ်(၁) မှ(၁၀) အထိသာမက တောင်သူ (၃၁)ဦးပိုင် မြေဧက (၃၀၀)ကျော်အား အဓမ္မ သိမ်းယူ၍ ခြံခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် တောင်သူဦးအောင်၊ ဦးနန်းဝင်း တို့အပါအ၀င် တောင်သူ(၅) ဦးကိုလည်း ကျုးကျော် ၀င်ရောက်သည်ဟု စွပ်စွဲလျက် တရားစွဲထားကြောင်း သိရှိရသည်။ 

၂၀၁၂ခုနှစ် မိုးရာသီတွင် ရာဘာဧက(၁၅၀) ဂွေးသဲကြိုးဝိုင်း အမှတ်(၁)မှ(၁၀)အထိ ရာဘာစိုက်ပျိုးရန်အတွက် ကြေညာချက်အမှတ်၎/မြေ /၂၀၁၂ ထုတ်ပြန်ထားပြီး အဆိုပါထုတ်ပြန်ချက်တွင် ရာဘာတန်းကြားတွင် ရာဘာ ပင်ကို မထိခိုက်သော မည်သည့်ကြားသီးနှံမဆို စည်းကမ်းနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ခွင် ပြုမည်ဖြစ်ကြောင်းကိုလည်း  EFR ကုမ္ပဏီမှ ခြံမန်နေဂျာက သတင်းထုတ်ပြန်ထားသည်။

“ကျွန်မတို့တွေ ၇၂ ခုနှစ် လောက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ မြေတွေပါ။ သိမ်းပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခိုင် အမာအထောက်အထား မရှိပဲနဲ့ အဓမ္မနည်းနဲ့ ခြံတွေဝင်ခတ်တယ်။ ရာဘာစိုက်မယ်ဆို လျာထားပြီးတော့ လုပ် နေပါတယ်။  နိုင်ငံတော်က တရားဝင် ဖယ်ခိုင်း တာလည်း မဟုတ်ဘဲနဲ့ ကုမ္ပဏီက အစည်းအဝေးခေါ်ပြီး ဖယ်ပေး ပါလို့ ပြောတယ်။ လျော်ကြေးလည်း မပေးပါဘူး။ ဒီမြေတွေက ၀ယ်ထား တာ ရာဘာစိုက်ရလိမ့်မယ်လို့ ပြောတယ်၊  အားလုံးအလုပ်လက်မဲ့ဖြစ် အောင် လုပ်လိုက်သလိုပဲ” ဟု ရေတာရှည်မြို့နယ် ရဲကုန်းအုပ်စု ၀ါးရုံလဲကျေးရွာမှ ဒေါ်ဖြူလုံးက ပြောသည်။    

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်နေ့တွင်  ရာဘာစိုက်ခင်း (၁၅၀၀၀)ဧက စိုက်ပျိုးတည်ထောင်ခွင့်ပြုရန် ပဲခူးတိုင်းအရှေ့ပိုင်း သစ်တော ဦးစီးဌာနသို့ တင်ပြလျှောက်ထားခဲ့ရာမှ ပထမအဆင့် စီမံချက်အဖြစ် (၅၀၀၀) ဧက ၊ ဒုတိယအဆင့် စီမံချက်အဖြစ် (၈၀၀၀) ဧကနှင့် တတိယအဆင့် စီမံချက်အဖြစ် (၂၀၀၀) ဧက ဟူ၍ နှစ်(၃၀)မြေဌားစနစ်ဖြင့် စိုက်ပျိုးတည်ထောင်ခွင့်ပြုခဲ့ကြောင်း ၊ ရေတာရှည် မြို့နယ်   ဂွေးသဲကြိုးဝိုင်း အမှတ်(၁) မှ (၁၀) အတွင်း ခွင့်ပြုသည့် ဧရိယာ ၂၀၀ ဧက အား(၁၅.၆.၂၀၁၁ မှ ၁၄.၆.၂၀၄၁) အထိ ရာဘာ စီမံကိန်း အဖြစ် တည်ထောင်ရန်အတွက် သစ်တောဦးစီးဌာနမှ EFR ကုမ္ပဏီ( Ever Flow River Agro-Venture Co.,Ltd) အား ခွင့်ပြုမိန့်ပေးခဲ့ကြောင်း သိရသည်။

EFR ကုမ္ပဏီသည် ၂၀၀၉ခုနှစ် ဧပြီလ(၂၉)ရက်နေ့တွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(ယာယီ)ရခဲ့သည့် စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမီတက်ဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။