Monday, May 21, 2012

ရွှေဘိုပြည်သူ့ဆေးရုံတွင် ထိခိုက်ဒဏ်ရာနှင့် အရိုးကုသဆောင် ပိတ်ထားသည့်အတွက် လူနာအချို့ အခက်တွေ့လျက်ရှိ


ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် ဧပြီလကုန်မှစတင်၍ ထိခိုက်ဒဏ်ရာနှင့် အရိုးကုသဆောင်ကို ပိတ်ထားသဖြင့် လူနာအချို့ အခက်အခဲတွေ့လျက်ရှိပြီး အရိုးကျိုး ထိခိုက်ဒဏ်ရာရသူများအား မန္တလေးဆေးရုံသို့ လွှဲပြောင်းပေးနေ ရကြောင်း သတင်းရရှိသည်။

ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် လွန်ခဲ့သော သုံးလ၀န်းကျင်မှစ၍ အရိုးအထူးကုဆရာဝန် ပြောင်းရွှေ့သွားခဲ့ပြီးနောက် အရိုးကုဆရာဝန် အစားထိုးရောက်ရှိလာခြင်း မရှိကြောင်း သိရပြီး ယခုအခါ ခွဲစိတ်ဆောင်တွင်ပင် အရိုးထိခိုက်ဒဏ်ရာရသူများကို ရွှေ့ပြောင်း ကုသပေးနေရကြောင်း စုံစမ်းသိရှိရသည်။

''ရွှေဘိုဆေးရုံမှာ သားဖွားမီးယပ်အထူးကု၊ ခွဲစိတ်အထူးကု၊ ကလေးအထူးကုနဲ့ ဖျားနာအထူးကုတွေ ရှိပါတယ်။ အရင်ကတော့ အရိုးကျိုးတဲ့သူတွေဆို အရိုးအထူးကု ရှိတဲ့အတွက် ဒီမှာပဲကုလို့ရတော့ လူနာတွေ မန္တလေး သွားစရာ မလိုဘူးပေါ့။ အခုတော့၊ အရိုးအထူးကုရဲ့နေရာမှာ ခွဲစိတ်အထူးကုက တာဝန်ယူထားရတာပေါ့၊ ထိခိုက်ဒဏ်ရာ ရတာတွေကိုတော့ ခွဲစိတ်အထူးကုကပဲ ကိုင်နေပါတယ်။ နောက်တစ်လ နှစ်လ နေရင်တော့ အရိုးအထူးကုဆရာဝန် ရောက်မယ်လို့ သိရပါတယ်'' ဟု ရွှေဘိုပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအောင်သန်းမှ ပြောဆိုသည်။ ရွှေဘိုပြည်သူ့ဆေးရုံသည် ခရိုင်အဆင့် ဆေးရုံဖြစ်ပြီး ကုတင် (၁၀၀)ဆေးရုံမှ ကုတင် (၂၀၀)အဆင့်သို့ ပြောင်းနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။