Monday, May 21, 2012

 လာမည့် ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်များအား ကုန်ပစ္စည်း ကိုယ်ပိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ဈေးနှုန်းချိုသာစွာဖြင့် အငှားချထားကာ ကြော်ငြာခွင့်ပေးမည်ဟု သိရ

မြေနီကုန်းလမ်းဆုံရှိ ကြော်ငြာဆိုင်းဘုတ်များအား တွေ့ရစဉ်
လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်များအား ယခုလက်ရှိ ကြော်ငြာလုပ်ငန်းလုပ်ကိုင်သူများထံမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လည်ရယူကာ စီမံခန့်ခွဲမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအချိန်မှ စတင်၍ ကြော်ငြာဆိုင်းဘုတ်များအား ကုန်ပစ္စည်း ကိုယ်ပိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ဈေးနှုန်းချိုသာစွာဖြင့် တိုက်ရိုက် အငှားချထားကာ ကြော်ငြာခွင့် ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်အား မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များအား လျော့ချသွားရန်စီစဉ်ခဲ့ပြီး ကြော်ငြာဆိုင်းဘုတ် အသေးများကို လာမည့်သြဂုတ်လ ၃၁ ရက်နေ့တွင် အပြီးဖြုတ်သိမ်းရန်၊ ကြော်ငြာဆိုင်းဘုတ်အကြီးများကိုမူ လာမည့် ၂၀၁၃ ခုနှစ်မတ်လကုန်အထိ ကြော်ငြာခွင့်ပေးခဲ့ပြီး ဧပြီလမှစတင်ကာ ကြော်ငြာဘုတ်များအား မြို့တော်စည်ပင်မှ ပြန်လည် စီမံခန့်ခွဲသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆုံးဖြတ်အပြီး ကြော်ငြာဘုတ် အသေးများအား သြဂုတ်လကုန်အ ထိ ကြော်ငြာခလုံးဝမကောက်ခံဘဲ ကြော်ငြာခွင့်ပေးထားကြောင်း၊ ကြော်ငြာဆိုင်းဘုတ်အကြီးများ၏ ပေးသွင်း ရသည့်နှုန်းထားကိုလည်း လေလံဈေး တစ်စတုရန်းပေလျှင် ကျပ် ၆ သောင်း၊ ဌာနဈေး ၁ စတုရန်းပေလျှင် ကျပ် ၅၂၅၀ နှုန်းတို့အစား နှစ်မျိုးစလုံးအား ၁ စတုရန်းပေလျှင် ကျပ် ၂ သောင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။
''နောက်နှစ်မှာ မြို့တော်စည်ပင်ကနေ ကြော်ငြာဘုတ်တွေကို ပြန်လည်စီမံခန့်ခွဲမှာပါ။ ဒီလိုဌာနက စီမံခန့်ခွဲမှ အမြင်မသင့်လျှော်တဲ့ နေရာတွေမှာ ဖြုတ်ချင်ရင်ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။ ဌာနက ဘုတ်တွေကို ပြန်ယူပြီး ကိုယ်ပိုင်ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကို ဈေးနှုန်း ချိုသာစွာနဲ့ ပြန်ငှားပြီး ကြော်ငြာခွင့်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားကပစ္စည်းတွေက Duty Free ၀င်လာရင် ကိုယ့်ဆီက ထုတ်တဲ့ပစ္စည်းတွေလည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိဖို့လိုတယ်။ အခုလို ဈေးနှုန်းချိုသာစွာ ကြော်ငြာခွင့်ပေးမှာဆိုတော့ ကြော်ငြာတဲ့စရိတ် သက်သာသွားမယ်။  ပြီးတာ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကိုလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြန်လုပ်ကိုင်ခွင့်ပေးသွားဖို့ ရှိပါတယ်။ ကြော်ငြာဘုတ်အကြီးတွေက တိုင်လုံးတွေကို ဌာနကတစ်လုံးကို ကျပ်သိန်း ၇၀ ပေးပြီး ပြန်ဝယ်မယ်။ ဒါဟာ လုပ်ငန်းရှင်တွေကို ပြန်ကာ ကွယ်ပေးလိုက်တာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးက ပြောပြခဲ့သည်။
ကြော်ငြာဆိုင်းဘုတ်များအား  ဖြုတ်သိမ်းစေမည့်အပေါ်တွင် ယင်းလုပ်ငန်းတစ်ခုတည်းဖြင့်သာ ရပ်တည်နေရသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းရခြင်း၊ လုပ်ငန်းပြောင်း လုပ်ကိုင်ရမှုများ ရှိလာမည်ဖြစ်သောကြောင့် ပြန်လည်စဉ်းစားပေးပါရန်အတွက် လုပ်ငန်းရှင်များက သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု သိရသည်။               

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။