
စစ်တွေဆိပ်ကမ်း တည်ဆောက်နေသည့် လုပ်ငန်းခွင်မြင်ကွင်း
၂၀၁၄ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးရန် လျာထားသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းများမှာ၂၀၁၆ ခုနှစ်တွင်မှ ပြီးဆုံးနိုင်တော့မည်ဟု သတင်းရရှိသည်။
ယင်းသို့ စီမံကိန်းပြီးစီးမည့် ကာလရွေ့ဆိုင်းသွားရခြင်းမှာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် ပလက်ဝမှ ကလက်ဝ အထိ ရေလမ်းကြောင်းပြုပြင်မည့် အစား မော်တော်ကားလမ်း ဖောက်လုပ်ရန် ပြောင်းလဲ စီစဉ်လိုက်ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။
“အိန္ဒိယဘက်က မူလအဆိုပြုထားတဲ့ ပလက်ဝကနေ ကလက်ဝ အထိ ရေလမ်းကြောင်းပြုပြင်မယ့် အစား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မော်တော်ကားလမ်း ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လမ်းပိုင်း လုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်လို့ စီမံကိန်း အပြီးသတ် ကာလက နောက်ကို ရွေ့ဆိုင်းသွားရတာ ဖြစ်ပါတယ်”ဟု ကုလားတန်စီမံကိန်း လုပ်ငန်း အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌဦးကျော်မြင့်က ပြောကြားခဲ့သည်။
စီမံကိန်းပြီးပါက အိန္ဒိယနိုင်ငံ အားကောက်ခံရမည့် ဖြတ်သန်း ပို့ဆောင်ခအား စီမံကိန်းပြီးစီးပြီး တစ်နှစ်အတွင်း ကောက်ခံခွင့်မရှိကြောင်း သိရသည်။ ယင်းပြင်ဖြတ်သန်းပို့ဆောင်ခကို နှစ်ဖက်တိုင်ပင်ညှိနှိုင်း၍ စည်းကြပ်ရမည့်အပြင် ပို့ကုန်တန်ဘိုး၏၂ ဒသမ ၅ ရာခိုင် နှုန်းထက် မကျော်စေရဘဲ တင်ပို့မှုအသီးသီးအတွက် ငွေကြေးတစ်ကြိမ်တည်း ပေးချေရန် နှစ်နိုင်ငံ သဘောတူညီထားခဲ့ကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်အထိ ကားလမ်း ၁၂၂ ကီလိုမီတာ၊ ရေလမ်း ၁၅၈ ကီလိုမီတာပါဝင်ကာ ၂၀၁၃ ခုနှစ်တွင် တံတားပိုင်း တည်ဆောက် ရေးလုပ်ငန်းများ ပြီးဆုံးမည်ဖြစ်ကာ၊၂၀၁၄ခုနှစ် တွင် လမ်းပိုင်း တည်ဆောက်ရေး လုပ်ငန်းများပြီး ဆုံးမည်ဟု မူလက သတ်မှတ်ထားခြင်းဖြစ်သည်။
ခန့်မှန်းကုန်ကျမည့် မတည်ရင်းနှီးငွေများ
စစ်တွေဆိပ်ကမ်းနှင့်ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ | ဒေါ်လာ ၇၄ သန်းခန့် |
ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ အဝေးပြေးလမ်းဖောက်လုပ်ခြင်း | ဒေါ်လာ ၁၄၀သန်းခန့် |
စုစုပေါင်း | ဒေါ်လာ ၂၁၄သန်းခန့် |
ကုလားတန်မြစ်ကြောင်း ဆိုင်ရာ စီမံကိန်းအချက်အလက် အချို့ (၁) ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းအကောင်အထည် ဖော်ရေးကော်မတီကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့။
(၂) နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရပြည်ပရေးရာဝန် ကြီးတို့ ၂-၄-၂၀၀၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကုလားတန် မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် လက်မှတ် ရေးထိုးခဲ့။
(၃) စီမံကိန်းလုပ်ငန်း အထောက်အကူပြု ကော်မတီ (Working Committee) ကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်း။
(၄) ၁၉-၁၂-၂၀၁၀တွင် စစ်တွေဆိပ်ကမ်းတည်ဆောက်မည့် ဆိပ်ခံ တံတားနေ ရာတွင် အုတ်မြစ်ချ အခမ်းအနားပြုလုပ်ခဲ့။
(၅) ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်း အကောင်အထည် ဖော်ရေးကော်မတီနှင့် စီမံကိန်းလုပ်ငန်း အထောက်အကူပြု ကော်မတီကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီတွင် ပြင်ဆင်ဖွဲ့စည်း။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။