Wednesday, May 16, 2012

ပြည်ခိုင်ဖြိုးက အသေးစား ငွေကြေးဥပဒေပြင်ဆင်နေသဖြင့် ချေးငွေထုတ်ပေးမှုအား ရပ်နားထား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် ပြည်သူမျာအတွက် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနေသော   ပြည်ခိုင်ဖြိုးပါတီ၏ ငွေစုငွေချေးလုပ်ငန်းများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

 
‘’သာမာန်စာချုပ်နဲ့ပဲချေးပေးနေတာ အခု ငွေချေးဥပဒေနဲ့ ညီညွှတ်တဲ့ အသေးစားငွေကြေးလုပ်ငန်းဆိုင်ရာ ဥပဒေစာချုပ်နဲ့   ချေးပေးနိုင်ဖို့အတွက် စီစစ်နေလို့ ရပ်နားထားတာပါ၊၊ ငွေချေးပေးနေတဲ့ နေရာတွေအကုန်လုံးမှာ စီစစ်မှုတွေ လုပ်နေလို့ပါ’’ဟု ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးကော်မတီဝင် ဦးတင်ဝင်းက ပြောသည်။ 
 
ပြည်ခိုင်ဖြိုးပါတီသည် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ရပ်ကွက်များ၌ အသေးစားငွေစုငွေချေးလုပ်ငန်းများအား ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှ စတင် ပြုလုပ်ခဲ့ကြောင်း၊ ချေးငွေထုတ်ချေးပေးရာတွင် တစ်ဦးလျှင် ငွေ ကျပ် သုံးသောင်းနူန်းဖြစ်ပြီး အတိုးနှုန်းမှာ(၂)ကျပ်နှုန်း ဖြစ်ကြောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်း ရပ်ကွက်ပေါင်း (၂၆)ရပ်ကွက်ရှိပြီး   ဒေသခံ ပြည်သူ နှစ်သောင်းဝန်းကျင်အား ထုတ်ချေးပေးပြီးဖြစ်သည်။
 
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ ဒေသခံ   ပြည်သူများအတွက် ချေးငွေ ကျပ်သိန်း-နှစ်ထောင်အား ချထားပေးခဲ့ကြောင်း သိရသည်။  
 
“ကျွန်တော်တို့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ငွေ သိန်းနှစ်ထောင် ချပေးတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့အတွက်တော့ တစ်ဦးကို သုံးသောင်းနူန်းပေးတယ်။ ပြန်ဆပ်ရင် အရင်းထဲက တစ်သောင်း၊ အတိုးနဲ့ သုံးလဆပ်ရတယ်။ သုံးသောင်းထုတ်ရင်လည်း အပြည့်မရပါဘူး။ နှစ်သောင်း ရှစ်ထောင်ငါးရာ ကျပ်လောက်ပဲ ရတယ်။ စုကြေးအနေနဲ့ ဆိုပြီးထားထားရတယ်”ဟု ၄၃ ရပ်ကွက်မှ ဦးသိန်းထွန်းက ပြောသည်။
 
ချေးငွေများအား ပထမလတွင် ငွေတစ်သောင်းကျပ် နှင့် အတိုးငွေ (၆၀၀) ကျပ်၊ ဒုတိယလတွင် ငွေတစ်သောင်း ကျပ် နှင့် အတိုးငွေ (၄၀၀)ကျပ်၊ တတိယလတွင် ငွေတစ်သောင်းကျပ် နှင့် အတိုးငွေ (၂၀၀)ကျပ်တို့ ပေးသွင်း ရပြီး စုကြေးငွေအဖြစ် အနည်းဆုံး တစ်လလျှင် ငွေ ငါးရာကျပ် စုရကြောင်း သိရသည်။ 
 
ပြည်ခိုင်ဖြိုးပါတီမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူများအား ၂၀၁၁ခုနှစ်၊ မေလမှ စတင် ချေးပေးခဲ့ပြီး ၂၀၁၂ခုနှစ် ဧပြီလကုန်ပိုင်းတွင် ချေးငွေချေးပေးခြင်းအား ရပ်နားထားခြင်းဖြစ်ပြီး လက်ရှိတွင် စုကြေးငွေ များအား ထုတ်ယူခွင့် မပြုသေးကြောင်း သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။