Wednesday, May 16, 2012

ကချင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

မြန်မာ-တရုတ်နယ်စပ်နှင့် ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များအတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း
သတင်းရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာန၌ ကျင်းပသော ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲတွင် ပြသထားသော ဓာတ်ပုံ (ဓာတ်ပုံ - ထိန်ဝင်း)

“ဘတ်ဂျက်မရှိတဲ့အတွက် ၁၅ ရက်စာပဲ ပေးထားနိုင်တယ်။ နောက် ၁၅ ရက်စာ ပေးဖို့ အခက်အခဲဖြစ်နေတယ်။ UN အဖွဲ့တွေကလည်းပဲ လုံခြုံရေးကြောင့် လာလို့မရဖြစ်နေတယ်” ဟု ကချင် ဒုက္ခသည်များ အရေးဆောင်ရွက်ပေးနေသည့် WNP အဖွဲ့ ဒါရိုက်တာ ဒေါ်မေလီအောင်က ဧရာဝတီကို ပြောသည်။
ပန်ဝါဒေသနှင့် မြစ်ဆုံဒေသတို့၌ ယခုရက်ပိုင်းဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ကျယ် စခန်းများနှင့် တရုတ်ပြည်ဘက်ရှိ စခန်းများသို့ ဒုက္ခသည် ထောင်ချီ၍ ထွက်ပြေးလာနေကြကြောင်း ဒုက္ခသည်များအား ကူညီဆောင်ရွက်နေသူများက  ပြောသည်။
ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အပါအ၀င် ကုလသမဂ္ဂ လက်အောက်ခံ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဒုက္ခသည်များ ရှိရာသို့ လာရောက်ခဲ့သည်။ ယခုနှစ် ဧပြီလအတွင်း ထပ်မံ လာရောက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ရိက္ခာများ  ထောက်ပံ့ပေးခဲ့ကြောင်း၊ မေလတွင် ထပ်မံလာမည်ဟု ပြောခဲ့သော်လည်း တိုက်ပွဲများကြောင့် မလာရောက်တော့ကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့များ လာရောက်ခဲ့သည့်အတွက်  တနိုင်တပိုင် ကူညီကယ်ဆယ်ပေးနေသည့် ဒေသခံအဖွဲ့များ မရှိတော့ကြောင်း၊ ဒုက္ခသည်များသည် တနေ့လျှင် တရုတ်ယွမ် ၆ ယွမ် (ကျပ် ၈၀၀) ဖိုးရှိ အစားအစာကိုသာ စားသောက်နေရကြောင်း ဒေါ်မေလီအောင်က ဆိုသည်။
တရုတ်နိုင်ငံဘက် အခြမ်းရှိ ဒုက္ခသည်စခန်းများတွင်လည်း ဒုက္ခသည် ဦးရေ ၄ သောင်း ၀န်းကျင်ရှိကြောင်း၊ ၎င်းတို့အတွက် စားသောက်စရာ အခက်အခဲ ဖြစ်နေသည့်အပြင် နေထိုင်စရာ အမိုးအကာ လုံလောက်မှုမရှိဟု တရုတ်-မြန်မာနယ်စပ် အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံဘက်ရှိ ဒေသခံ ကုန်သည်များထံမှ အလှူကောက်ခံ၍ စားသောက်ဖွယ်ရာများကို ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း၊ ပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများကိုလည်း KIA ထိန်းချုပ်ရာဒေသနှင့် တရုတ်ပြည်ဘက်ရှိ စခန်းများသို့ပါ လာရောက် လှူဒါန်းစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးအောင်ကျော်ဇောက “အလှူရှင်က နည်းနေပြီးတော့ ဒုက္ခသည် လူဦးရေ အရမ်းများနေတယ်။ စားဝတ်နေရေး လိုအပ်နေတဲ့အပြင် မကြာခင် မိုးရာသီရောက်တော့မယ်ဆိုတော့ အမိုးအကာ လိုအပ်တယ်။ ၀မ်းရောဂါတွေ ဖြစ်လာမှာ စိုးရိမ်နေရတယ်” ဟု ဆိုသည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပန်ဝါဒေသရှိ ကျေးရွာ ၇ ရွာ မှ ဒေသခံများနှင့် မြစ်ဆုံဒေသတ၀ိုက်မှ ဒုက္ခသည်များသည် KIA ထိန်းချုပ်ရာ စခန်းများနှင့် တရုတ်နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်၍  မိမိတို့နေအိမ်များသို့ ပြန်ရန် ခက်ခဲနေကြကြောင်း ဒေါ်မေလီအောင်က ပြောသည်။
စစ်ပြေး ဒုက္ခသည်များအတွက် ဆေးဝါးလည်း လုံလောက်မှု မရှိကြောင်း၊ မိုင်ဂျာယန်ဒေသရှိ စခန်းတချို့၌ ၀မ်းပျက်ဝမ်းလျောမှုတချို့ ဖြစ်ပွားနေခြင်းကြောင့် ကလေးငယ်တဦး ယခုလဆန်းပိုင်းတွင် သေဆုံးသွားသကြောင်း ၎င်းကဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် နိုင်ငံတကာ အဖွဲ့များနှင့် ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမှုများအား နယ်မြေလုံခြုံရေးအရ ခေတ္တရပ်ဆိုင်းထားကြောင်း ယမန်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။