Wednesday, May 16, 2012

တ.စ.ည ပါတီက လယ်သမားသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေး ဆောင်ရွက်မည်

လာမည့်လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လယ်သမားသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းပေါ်ပေါက်ရေးအပါအ၀င် မေးခွန်း(၃)ခုအား ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

 
၂၀၁၂ခုနှစ် ဇူလိုင်လ ပထမအပတ်တွင် ကျင်းပမည် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးတွင် တ.စ.ည ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က  ကျောင်းသားသမဂ္ဂအဖွဲ့အစည်း ပေါ်ပေါက်လာရေးအား ဆွေးနွေးသွားမည်ဖြစ်သည်။
 
“ ကျွန်တော်အခု လာမယ့် လွှတ်တော်မှာ မေးခွန်းသုံးခု တင်ပြဖို့ အစီစဉ်ရှိပါတယ်၊ ဘာလဲဆိုတော့ တစ်ခုက ကျောင်းသား သမဂ္ဂအဖွဲ့အစည်းပေါ်ပေါက်လာရေးပေါ့ ၊ နောက်တစ်ခုက လယ်သမားသမဂ္ဂ ၊ နောက်ဆုံး တစ်ခုက ပြည်သူပိုင်အဖြစ် ထိန်းသိမ်းထားတဲ့ တချို့ကို ပြန်ပေးဖို့ တင်မယ်” ဟု တ.စ.ည ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
 
လယ်သမားသမဂ္ဂ အဖွဲ့အစည်းပေါ်ပေါက်လာရေးအတွက် မေးခွန်းတင်မည်ဟု ဆုံးဖြတ်ရခြင်းမှာ တောင်သူ လယ်သမားများအနေဖြင့် ကြုံတွေ့နေရသော လယ်မြေသိမ်းခံရခြင်းအတွက် တိုင်ကြားရန် နေရာတစ်ခု ရရှိရန်အတွက်ဖြစ်ပြီး လယ်သမားသမဂ္ဂမှ တဆင့်လွှတ်တော်သို့ တိုင်ကြားနိုင်စေရန် ဖြစ်သည်။
 
“လယ်သမားသမဂ္ဂရှိရင် သူတို့လာစရာမလိုဘူး။ သူတို့ရဲ့ ခံစားချက်တွေကို လယ်သမားသမဂ္ဂကိုတင် အဲ့ဒီ က လယ်သမား သမဂ္ဂကိုယ်စားလှယ်ပဲ လွှတ်တော်မှာလာပြော၊ လယ်သမားသမဂ္ဂကိုယ်စားလှယ်ကပဲပြည်ထောင်စု လွှတ်တော်ကိုလာပြော၊ အခုတော်တော်များများ ကြုံတွေ့နေရတာကလယ်မြေသိမ်းခံရတာတွေ၊သူတို့အကောင် အထည်ဖော်ချင်တဲ့ ခံစားချက်တွေ ၊ သူတို့ခံစားရသလို ကျွန်တော်တို့လဲ ခံစားရတာပဲ၊ သူတို့ခံစားရတဲ့ သူတို့အသံတွေဟာ လွှတ်တော်အသံဖြစ်ရမယ်။ “ ဟု မန်းမောင်မောင် ဥာဏ်က ဆက်လက်ပြောဆိုသည်။
 
လယ်သမားသမဂ္ဂပေါ်ပေါက်လာရေးသည် လယ်သမားများအတွက် လိုအပ်နေသောအဖွဲ့အစည်းဖြစ်ပြီး ထို အဖွဲ့အစည်းပေါ်ပေါက် လာပါက တောင်သူလယ်သမားများအနေဖြင့် လယ်မြေသိမ်းခြင်းများကို တိုင်ကြားရန် နေရာရရှိလာနိုင်သည်ဟု   မျှော်လင့် နေကြောင်း  ဆက်လက်ပြောဆိုသည်။
 
“ကျွန်တော်တို့ လယ်သမားသမဂ္ဂအဖွဲ့အစည်း အလိုရှိတာပေါ့၊ ကျွန်တော်တို့မှာ လယ်မြေအသိမ်းခံရရင် ဘယ်ကို တိုင်ကြားရမှန်းကိုမသိဘူး အန်အယ်လ်ဒီကို တိုင်ကြားလို့ရတယ်ကြားတော့လည်း အဲ့ဒီကို သွားဖို့လာဖို့က ကိုယ်မရောက်ဖူးတဲ့ ရန်ကုန်မြို့ကို လာရမှာဖြစ်တဲ့အတွက် စိုးရိမ်တယ် ။ အခုကျွန်တော်တို့ လယ်မြေတွေအသိမ်းခံရတာနဲ့ ပတ်သက်ပြီး တိုင်ကြားလို့ရမယ့် လယ်သမားသမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းခွင့်ရဖို့ မျှော်လင့်တယ်” ဟု ညောင်တုန်းမြို့နယ်မှ လယ်သမား ဦးစိန်ဦးက ပြောသည်။
 
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် လွှတ်တော် အတွင်းတွင် (၁၇)ဦးသာ ရှိသော်လည်း ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအပါအ၀င် လယ်သမားသမဂ္ဂ အဖွဲ့အစည်းနှင့် ပြည်သူပိုင် အဖြစ်ထိန်းသိမ်း ထားခြင်းကို ပြန်လည်ချထားပေးရေးကိစ္စများအား အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ရန်အတွက် အစီအစဉ်ရှိကြောင်း သိရှိရသည်။
 
 
တ.စ.ည ပါတီက တင်သွင်းခဲ့သော အဆိုများမှာ  ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးသုံးရပ်တွင် တရားရေး မဏ္ဍိုင်နှင့်ပတ်သက်သော တင်ပြချက်နှင့် ရေလုပ်ငန်းဥပဒေနှင့်ပတ်သက်သောအဆို တင်ပြရာတွင် အောင်မြင် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။