Wednesday, May 16, 2012

အလုပ်သမားလစာမှ လူမှုဖူလုံရေးနှင့် ၀င်ငွေခွန်နှစ်မျိုးသာ အလုပ်ရှင်က တရားဝင်နုတ်ယူနိုင်

အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ လစာထဲမှ နုတ်ယူရာတွင် လူမှုဖူလုံရေးနှင့် ၀င်ငွေခွန် နှစ်မျိုးတည်းကိုသာ   နုတ်ယူခွင့်ရှိသည်ဟု နိုင်ငံတော်မှ ပြဋ္ဌာန်းထားကြောင်း MHR ကျောင်းအုပ်ကြီး ဆရာဦးအေးကျော်၏ ပြောကြားချက်အရ သိရှိရသည်။
 အဆိုပါပြောကြားမှုကို မေလ (၁၃)ရက်နေ့ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပသည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံတော်ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


“၀န်ထမ်းတွေရတဲ့ လစာရငွေထဲကမှ နိုင်ငံတော်က ခွင့်ပြုတဲ့ နှစ်ခုပဲ နုတ်လို့ရတယ်။ တစ်ခုက လူမှုဖူလုံရေး၊ လူမူဖူလုံရေးက ၀န်ထမ်းတစ်ယောက် လစာကို ၄%နှုတ်တယ် အဲဒီမှာ ၀န်ထမ်းက ၂ ရာခိုင်နှုန်း ပေးရတယ်။ အလုပ်ရှင်က ၂ရာခိုင်နှုန်း   နုတ်တယ်။ နောက်တစ်ခုက အခွန် ၀င်ငွေခွန်ပဲ နုတ်လို့ရတယ်။ အဲဒီနှစ်ခုက လွဲလို့ အလုပ်ရှင်က နုတ်ယူထားလို့မရဘူး”ဟု MHR ကျောင်းအုပ်ကြီး ဆရာဦးအေးကျော် ကပြောသည်။
 
အချို့အလုပ်ရှင်များအနေဖြင့် အလုပ်သမားများတွက်  ၀င်ငွေခွန်ဆောင်ပေးခဲ့သည်မှာ လွန်ခဲ့သော (၁၀)နှစ် ကတည်းကဖြစ်ကြောင်း ဆရာဦးအေးကျော်ကဆိုသည်။


အလုပ်ရှင်သည် ၀န်ထမ်းဆီမှ ရစရာရှိသည်ဆိုပါက ၀န်ထမ်းအား လစာပေး၍ ၎င်းဆီတဆင့် ပြန်လည်ရယူ နိုင်ကြောင်း၊ အဆိုပါအခွင့်အရေးများမှာ အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် အလုပ်သမားဥပဒေ ၁၉၅၄ ခုနှစ်ကထုတ်ဝေသော social security အက်တွင်  ဖော်ပြပါရှိကြောင်း သိရှိရသည်။
 

အလုပ်သမားများ၏ အခွင့်အလမ်းရပိုင်ခွင့်များသည် အလုပ်သမားတစ်ယောက်ချင်းစီ၏ ကိုယ်ထဲတွင်ရှိသည့် ကျွမ်းကျွင်မှု၊ ဗဟုသုတ၊ အတွေ့အကြုံပေါ်တွင်မှုတည်၍ အခွင့်အလမ်းအနိမ့်အမြင့် အနည်းအများ ကွာခြား သွားခြင်း ဖြစ်သည်။

“ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အလမ်း ရဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း တွေရှိရမယ့်အပြင် ကိုယ်အလုပ်ဝင်ပြီးတဲ့နေရာ ကုမ္ပဏီ အကြီး အသေးပေါ်မှုတည်ပြီး လစာကွာသွားတာတွေလည်း ရှိသလို ၀န်ထမ်းအရေအတွက်နဲ့ ခံစားခွင့်လစာကွာတာတွေလည်း ရှိပါတယ်။”ဟု ၎င်းမှဆက်ပြောသည်။

အလုပ်ရှင်မှ ၀န်ထမ်းအားပေးရမည့် လစာငွေကို လဆန်းတစ်ရက်နေ့မှ (၅)ရက်တွင်း ကျော်လွန်မှုမရှိစေပဲ ပေးဆောင်ရမည်ဖြစ်ပြီး (၁၅)ရက် ရက်(၂၀) လောက်တွင် ပေးရန်မသင့်ကြောင်းကိုလည်း သိရသည်။
 
အလုပ်ရှင်များအနေဖြင့် အလုပ်သမားများလစာထံက ၀င်ငွေခွန်နှင့် လူမှုဖူလုံရေးအတွက်သာ နုတ်ယူနိုင် ကြောင်းနှင့်  ၀င်ငွေခွန်ဆောင်ရာ၌ အလုပ်သမားများအနေဖြင့် မိမိတို့၏ ၀င်ငွေခွန်အား ကိုယ်တိုင်သွားရောက် ပေးဆောင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးဦး(စိန်ဂျွန်း)က ဆိုသည်။
 
အလုပ်ရှင်နှင့်အလုပ်သမား ပြသာနာများဖြစ်ပွားနေသည့် အချိန်တွင် မီဒီယာသမားများအနေဖြင့် ကောင်းမွန်သည့် အလုပ်ရှင်များလည်း များစွာရှိနေသည့်အတွက် အလုပ်ရှင်များဘက်က ပုတ်ခတ်ရေးသားခြင်းများးအား ရှောင်ရှားသင့်ကြောင်း  ဆရာဦးအေးကျော်က အကြံပြုပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။