Wednesday, May 16, 2012

လှိုင်သာယာက စံပယ်ဖြူအထည်ချုပ်စက်ရုံ ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြ

လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄)ရှိ စံပယ်ဖြူအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများမှာ  လစာငွေ သတ်မှတ်ပေးခြင်းမရှိဘဲ နေ့တွက်ကြေးဖြင့်သာ လုပ်အားခများ ရှင်းပေးလျက်ရှိသောကြောင့် ကျေနပ်မှု မရှိသဖြင့် ဆန္ဒပြခဲ့ကြသည်။
 

စက်ရုံမှာ အလုပ်သမားများသည် အခြေခံလစာငွေ သတ်မှတ်ခြင်း မရှိ၊၊ နေ့ကြေး(နေ့တွက်ခ) တနေ့ ၅၀၀ကျပ် (ငါးရာ ကျပ)်နှင့် သာ လုပ်အားခများ ရှင်းပေးလျက်ရှိသောကြောင့် အလုပ်သမားများမှာ အခြေခံလစာ သတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ ကြသည်။
 
“ကျမတို့ကို တီးကဒ်(ချုပ်ခ)ကြေးနဲ့ နေ့စားခ(ဒေးကြေး)ပဲပေးတာ၊ ကျမတို့အခြေခံလစာလည်း မရှိဘူး  ပြီးတော့ တစ်ကဒ်ကြေးရတယ် တစ်လကို လေးသောင်းလောက်ပဲရတယ်”ဟု အလုပ်သမားတစ်ဦး ဖြစ်သူ မခင်သီတာဦးကပြောသည်။
 
အလုပ်သမားများကတောင်းဆိုသော အခြေခံလစာအား မပေးနိုင်ကြောင်း ရှားပါးစရိတ်သုံးသောင်း တောင်းဆိုရာ တစ်သောင်း သာပေးကြောင်း အလုပ်သမားတစ်ဦးဖြစ်သူ မခင်သီတာဦးကပြောသည်။
 
အလုပ်သမားစုစုပေါင်း (၃၈၀)ရှိသည့် အဆိုပါ စက်ရုံတွင် အလုပ်သမား (၃၅၀)က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး အဆိုပါအလုပ် သမားများမှာ အနည်းဆုံးလုပ်သက် ၅လမှ ၂ နှစ်ထိ လုပ်သက်ရှိသူများ ပါဝင်ကြောင်း သိရှိရသည်။
 
“ကျမအနေနဲ့ ဒေးကြေး ငါးရာရတဲ့သူကို တစ်ထောင့်တစ်ရာတိုးပေးမယ်၊ ရက်မှန်ကြေး ငါးထောင် ပေးတာ အခုနောက်ထပ် ငါးထောင်တိုးပေးမယ် စုစုပေါင်းတစ်သောင်းရမယ် ရှားပါးစရိတ် တစ်သောင်း ပေးမယ် ကျမပေးနိုင်တာဒါပဲ”ဟု စက်ရုံပိုင်ရှင်   ဒေါ်သန္တာကပြောသည်။
 
အလုပ်သမားများသည် အဆိုပါရရှိမှုကို မကျေနပ်ကြောင်း ဆက်လက်တောင်းဆိုရန်ဆန္ဒရှိကြောင်း မိမိစားဝတ်နေရေး အခက်ခဲကြောင့်   တောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားများထံက ပြောကြား သည်။
 
“ဒီလုပ်ခက မျှတမှုရှိပါတယ် တစ်ခုလိုချင်ရင်တော့ တစ်ခုမရဘူးပေါ့ ဥပဒေနဲ့ ပတ်သက်တာကိုတော့ ဆောင်ရွက်ပေးသွားပါမယ် ပိုက်ဆံကိစ္စကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စပါ ၀င်ဖြေရှင်းလို့ မရဘူးလေ”ဟု အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောသည်။
 
အဆိုပါ အလုပ်သမားများသည် မတ်လ(၁၄)ရက်နေ့တွင် စတင်ဆန္ဒပြတောင်းဆိုကြရာ လိုက်လျောမှု မရှိ၍ ယနေ့မနက်တွင် ဆက်လက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။