Saturday, April 28, 2012

EUက စီးပွားရေးပိတ်ဆို့မှုအပေါ်(၆)လတစ်ကြိမ်သုံးသပ်မည်ဟု (၈၈)နှင့်တွေ့ဆုံစဉ် အီတလီ နိုင်ငံခြားရေးဝန်ကြီးပြောဆို

EUက စီးပွားရေးပိတ်ဆို့မှုအပေါ်(၆)လတစ်ကြိမ်သုံးသပ်မည်ဟု (၈၈)နှင့်တွေ့ဆုံစဉ် အီတလီ နိုင်ငံခြားရေးဝန်ကြီးပြောဆို



မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုဆိုင်းငံ့ထားသည့် အပေါ်တွင် ဥရောပသမဂ္ဂအဖွဲ့(EU)က ၆ လ တစ်ကြိမ် သုံးသပ်သွားမည်ဖြစ်ကြောင်း  ဧပြီလ(၂၆)ရက်နေ့တွင်  အီတလီနိုင်ငံခြားရေးဝန်ကြီးက (၈၈)မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများ ထံက သိရှိရသည်။

 “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကို EUအနေနဲ့ ပူးပေါင်း ဆောင်ရွက်လိုတယ်။” ဟု အီတလီနိုင်ငံကြားဝန်ကြီးမှ ပြောကြားခဲ့ကြောင်း(၈၈)မျိုးဆက်  ကျောင်းသားခေါင်း ဆောင် ကိုဋ္ဌေးကြွယ်က ပြောသည်။

ဥရောပသမဂ္ဂ (EU) အနေ့ဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊  ငြိမ်းချမ်းရေး ကိစ္စများနှင့် ကြားဖြတ်ရွေးကောက်ပွဲအပေါ်လေ့လာစောင့်ကြည့်မှုများပြုလုပ်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကို extension တိုးခဲ့ခြင်းဖြစ်သည်ဟု အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း  ကိုဋ္ဌေးကြွယ်က မြစ်မခသို့ ပြောဆိုသည်။

EU အနေဖြင့် မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှု၊ စစ်ရေးထောက်ပံ့မှုများကိုမူ ဆက်လက်ဆိုင်းငံ့ ထားမည်ဖြစ်သော်လည်း   မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုနှင့် လူ့အခွင့်ရေးတိုးတက်မှုအပေါ် ၆ လတစ်ကြိမ် ပြန်လည်စစ်ဆေးပြီး စီးပွားရေးပိတ်ဆို့မှု ကို လျှော့ချမည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေး ဝန်ကြီးက (၈၈) မျိုးဆက် ကျောင်းသားများနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အီယူအနေဖြင့် ပြည်တွင်းအမျိုးသားရေးပြန်လည်သင့်မြတ်မှုကိုလည်း စောင့်ကြည့်မည်ဖြစ်ကြောင်း အဆိုပါ အချက်များကို စောင့်ကြည်၍ ၂၀၁၃ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်းသိရှိရသည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုကိုကြီး၊ ကိုဂျင်မီ နှင့် ကိုမင်းဇေယျ တို့နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က အီတလီသံအမတ်နေအိမ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
 အီတလီနိုင်ငံခြားရေးဝန်းကြီးသည် ဧပြီ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိပြည်သူ့လွတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အခြားတာဝန်ရှိသူ များ ဖြင့်လည်း တွေ့ဆုံခဲ့သလိုး ဧပြီ(၂၆)ရက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ယခုလိုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။



ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။