Saturday, April 28, 2012

ရွှေက ပလက်တီနမ်ထက် ရောင်းအား (၉)ဆခန့်သာ

ရွှေက ပလက်တီနမ်ထက် ရောင်းအား (၉)ဆခန့်သာ



ရွှေနှင့်ပလက်တီနမ်ဈေးကွက်တွင်  ပြန်လည်ရောင်းချလျှင် ဈေးနှုန်းအပေါ်မူတည်၍ ရှုံးခြင်း၊ မြတ်ခြင်းများ ရှိပြီး ပေါင်နှံရောင်းချရာတွင် လွယ်ကူခြင်းကြောင့် ရွှေရောင်းအားသည် ပလက်တီနမ်(ရွှေဖြူ) ရောင်းအားထက် ကိုးဆခန့်သာနေကြောင်းရွှေဆိုင်များကဆိုသည်။
  မြန်မာပြည်သူအများစုမှာ ရွှေကို “မရှိဝမ်းစာ၊ ရှိတန်ဆာ။” ဟု ဆိုသကဲ့သို့ရောင်းရလွယ်၊ ပေါင်ရလွယ်သော ရွှေကိုသာ အားကိုး အားထားပြု၍ ၀ယ်ယူစုဆောင်းခြင်းကြောင့် ပိုမိုရောင်းအားကောင်းနေခြင်းဖြစ်သည်။

“ဒီမှာက ရွှေကော၊ ရွှေဖြူ(ပလက်တီနမ်)ကောရောင်းပါတယ်။ ဒါပေမဲ့ ရွှေကတော့ ပိုရောင်း ရတာပေါ့။ ရွှေဖြူ ဈေးကတော့ အတက်အကျသိပ်မရှိဘူး။” ဟု တာလီရွှေဆိုင် တာဝန်ရှိသူ ကိုခင်မောင်စိုးက ပြောသည်။

ရွှေဖြူသည် ပြည်ပနိုင်ငံများမှဝင်ရောက်လာခြင်းဖြစ်သောကြောင့် ပြည်ပမှတင်သွင်းသော ဈေးပေါ်မူတည် ကြောင်းသိရှိရသည်။ ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး ကွက်ပေါ်တွင် မူတည်နေသည်။

ရွှေဖြူများအားဝယ်ယူပြီး ပြန်လည်ရောင်းချလျှင် ၀ယ်ယူခဲ့သောဆိုင်တွင်သာ ပြန်ရောင်းရသည်။ ပြန်ရောင်းဈေး တွင်(၂၀)ရာခိုင်နှုန်း အားဆိုင်သို့ပေးရပြီး၊ ၀ယ်ယူထားသောပစ္စည်းအား အခြားပစ္စည်းနှင့် လဲလှယ်လျှင်လည်း ပစ္စည်း၏ ၁၅ ရာခိုင်နှုန်းအားဆိုင်သို့ ပေးရသောကြောင့် ရွှေထက်စာပါက အဆပေါင်းများစွာ ရောင်းအားနည်းခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

အပေါင်ဆိုင်အများစုမှာ ရွှေကိုသာ လက်ခံကြပြီး ပလက်တီနမ်ကိုမူ အပေါင်ခံလေ့မရှိကြောင်း အပေါင်ဆိုင် များက သိရှိရသည်။

“ကျွန်တော်တို့လင်မယားကတော့ လကုန်လို့ပိုက်ဆံပိုရင် ရွှေလေးပဲဝယ်စုထားလိုက်တယ်။ သူကပြန်ရောင်းရင် လည်း လွယ်တယ်။ သွားပေါင်ရင်လည်း အပေါင်ဆိုင်တွေက လက်ခံတယ်။ ပလက်တီနမ်ကတော့ တစ်ခါမှ မ၀ယ်ဖူးဘူး။” ဟု ရန်ကုန်မြို့မှ အိမ်ထောင်ရှင်လခစားဝန်ထမ်းတစ်ဦးကပြောသည်။

ယခုအချိန်တွင် ရွှေဖြူဈေးမှာ တစ်ဂရမ်လျှင် ကျပ် ငါးသောင်းဝန်းကျင်ရှိပြီး၊ အခေါက်ရွှေဈေးနှုန်းမှာ ကျပ်၇၂၀၀၀၀၀န်းကျင်နှင့် ၁၅ ပဲရည်ဈေးမှာ ကျပ် ၆၇၀၀၀၀ ၀န်းကျင်ရှိကြောင်း ရန်ကုန်မြို့ရှိရွှေဆိုင်များကစုံစမ်း သိရှိရသည်။


ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။