Saturday, April 28, 2012

မြစ်ကြီးနား စီတာပူရပ်ကွက်တွင် ကျောက်မျက်ခန်းမ ဖွင့်လှစ်မည်

မြစ်ကြီးနား စီတာပူရပ်ကွက်တွင် ကျောက်မျက်ခန်းမ ဖွင့်လှစ်မည်



ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏ အချက်အခြာကျ ကျောက်စိမ်းဈေးကွက်တစ်ခုဖြစ်လာရန် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက် စက်မှုဇုန်  အနီးတွင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ကျောက်မျက်ရတနာအရောင်းခန်းမတစ်ခု ဖွင့်လှစ်ရန် ယနေ့ ဧပြီလ ၂၆ရက်နေ့တွင် မြေတိုင်း နေပြီကြောင်း  သိရသည်။


“လာဝယ်မယ့်သူတွေက တရုတ်ချည်းပဲ မဟုတ်ဘူး။ ဘယ်နိုင်ငံကမဆို လာရောက်ဝယ်ယူနိုင်အောင်၊ နိုင်ငံတကာ ဥပဒေဘောင် အတွင်းက ကျောက်စိမ်းရောင်းဝယ်မှုလုပ်ငန်းတွေပါ ပါလာမယ်။ အဲ့လောက် ကျတော်တို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့အတွက်   စေ့စပ်ညှိနှိုင်းထားတယ်။” ဟု ကျောက်မြတ် ရတနာလုပ်ငန်းရှင် များအသင်း မြစ်ကြီးနားအဖွဲ့ အတွင်းရေးမှူး(၂) ဗိုလ်ကြီးဟောင်း ဦးသောင်းကြည်က ပြောသည်။

၎င်းအသင်းကြီးအား ပြည်ထောင်စုသတ္တုတွင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျောက်စိမ်းရောင်းဝယ်ရေး အသင်းချုပ်၏ ခွင့်ပြုချက်အရ ပြီးခဲ့သည့် မတ်လ (၃)ရက် တွင် အသင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် အသင်းဝင် (၆၀၀)ကျော်ခန့်ရှိပြီး နာယက ၃၀ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် (၂၁)ဦး တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ယင်းအသင်းဝင်များအား မြန်မာနိုင်ငံကျောက်စိမ်း ရောင်းဝယ်ရေး အသင်းချုပ်မှ အသင်းဝင်ကဒ်များနှင့်   ပြည်ထောင်စု သတ္တုတွင်း ဝန်ကြီးက လိုင်စင်များပေးမည်ဖြစ်သည်။

အသင်းဝင်အဖွဲ့တွင် ကုမ္ပဏီလိုက် အသင်းဝင်ခြင်း၊ ရတနာဆိုင်ဖြင့် အသင်းဝင်ခြင်းနှင့် ကျောက်ဖြတ်ခြင်း၊ ကျောက်သွေးခြင်း၊ ပန်းပုထုခြင်း၊ အချောရိုက်ခြင်း၊ ပုတီး၊ လက်ကောက်၊ ဘယက်လုပ်မည့် သာမာန် အသင်းဝင်ဟု သုံးမျိုးခွဲခြား ဖွဲ့စည်းထားကြောင်း သိရသည်။

ကျောက်စိမ်းအရောင်းပြခန်းများအား မေလ၌ ယာယီဆိုင်ခန်းများဖြစ့် ကျောက်မြတ်ထုတ်လုပ်ငန်း နေရာဌာန (Jade Trade center ) တစ်ခုဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသောင်းကြည်ကပြော သည်။

အဆိုပါ အရောင်းပြခန်းတွင် ကျောက်စိမ်းတစ်ခုတည်း မဟုတ် ရတနာများစွာ ပါဝင်မည်ဖြစ်ပြီး ပုလဲမှ အစ ပါဝင် ပြသရောင်းချ မည်ဖြစ်သည်။ “ဒီပြည်နယ်က အများကြီး ဖွံ့ဖြိုးသွားမယ်။ စီးပွားရေးမြို့ပေါ်ကြီး တစ်ခုဖြစ်သွားမယ်။ ကမ္ဘာကလည်း စီးပွားရေး ဖွင့်လိုက်ပြီဆိုတဲ့ အနေအထားဆိုရင် ကျတော်တို့ ကချင်ပြည်နယ်က  မျှော်လင့်ထားတာထက် အဆမတန် အများကြီး တိုးတက်သွားမယ်လို့ မျှော်လင့်ပါတယ်။” ဟု ဦးသောင်ကြည်က ဆက်ပြောသည်။

မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းဈေးကွက်မှာ One Stop Service အဆင့်ရောက်ရှိရန်လည်း မျှော်လင့်နေ ကြောင်း   ဒေသခံများက ဆိုသည်။
အဆိုပါ အသင်းဖြစ်မြောက်လာရန် ကိုတူးခေါင်နှင့် ဦးသောင်းကြည်တို့မှ နိုင်ငံတော်သမ္မတ ချမှတ်ထားသော မူဝါဒတစ်ခုဖြစ်သည့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးတို့အတွက် ရည်ရွယ်၍ မြန်မာ နိုင်ငံတွင် ကျောက်စိမ်းထွက်ရှိသည့် ကချင်ပြည်နယ်တွင်ကျောက်စိမ်းပြခန်းများ မရှိသဖြင့် ယခုသို့ ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။