Saturday, April 28, 2012

ယခုပညာရေးနှစ်တွင် ပုဂ္ဂလိကကျောင်းများသို့ ကျောင်းအပ်နှံသူ(၁၅)ရာနှုန်းတိုးလာ

ယခုပညာရေးနှစ်တွင် ပုဂ္ဂလိကကျောင်းများသို့ ကျောင်းအပ်နှံသူ(၁၅)ရာနှုန်းတိုးလာ



၂၀၁၂-၂၀၁၃ခုနှစ်ပညာသင်နှစ်အတွက် ပုဂ္ဂလိကစာသင်ကျောင်းများသို့ ကြိုတင်လာရောက်အပ်နှံသူ ကျောင်းသားဦးရေမှာ ယခင်နှစ်ကထက် ဆယ့်ငါးရာခိုင်နှုန်းခန့် မြင့်တက်လာသည်ဟု ပုဂ္ဂလိကစာသင်ကျောင်းများကစုံစမ်းသိရသည်။
 


“တချို့မိဘတွေက စီးပွားရေးကတစ်ဘက်ဆိုတော့ သားသမီးကို ပညာရေးပိုင်းမှာ သိပ်ပြီးဂရုတစိုက် မကြည့်   နိုင်ကြဘူး အဲဒါကြောင့် ပညာရေးပိုင်မှာရော၊ စည်းကမ်းပိုင်းမှာပါ ကြပ်ကြပ်မတ်မတ်နဲ့ရှိတဲ့ ဘော်ဒါတွေကို အားထားလာကြတာပါ”ဟု မြောက်ဥက္ကလာပမြို့နယ် ACA ဘော်ဒါမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပုဂ္ဂလိကကျောင်းများတွင် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူများမှာ ယခင် ပညာသင်နှစ်ကထက် ၁၅%မှ ၂၀%အထိ ကျောင်းသားဦးရေတိုးလာကြောင်းနှင့် အများစုမှာ ရန်ကုန်မှဖြစ်ပြီး  နယ်မြို့များနှင့် တိုင်းရင်းသားလူမျိုးများ လည်းတိုးလာကြောင်း သိရသည်။

“အခြေခံပညာကျောင်းမှာ အရင်ကထားပါတယ်၊ ဒါပေမယ့် ကလေးက ကျောင်းချိန်ပြီး အိမ်ပြန် ရောက်တာနဲ့ စာမကိုင်တော့ ကျောင်းတက်ချိန်နဲ့ ကျူရှင်ချိန်ပဲ စာကြည့်တယ်။ ပြီးတော့ စာမေးပွဲနီးလို့ ရက်ပိုင်းလိုတော့မှ စာ ကြည့်တော့ အမှတ်စာရင်းတွေက မတက်ဘူး။ တစ်နေကုန်အပြင်သွား အလုပ်လုပ်နေရတော့ ကလေးပညာရေး ဘက်ကို သေချာဂရုမစိုက်မဘူး။ အဲဒါကြောင့် ဘော်ဒါမှာ ပြောင်းထားတာပါ”ဟု ပုဂ္ဂလိကကျောင်းတစ်ကျောင်း တွင် သားဖြစ်သူအား လာရောက်
ကြိုတင်အပ်နှံခဲ့သည့် အလုံမြို့နယ်မှ မသီတာအေးက ပြောသည်။

ပုဂ္ဂလိက စာသင်ကျောင်းများအား အစိုးရကျောင်းများနှင့် တွဲဖက်ဖွင့်လှစ်ခွင့်ကို ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ် မှစကာ ပုဂ္ဂလိကကျောင်း (၃ဝ)အား စမ်းသပ်ဖွင့်လှစ်ခွင့်ကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပြီး ပုဂ္ဂလိက ကျောင်းများတွင် လာရောက်အပ်နှံမှုမှာ စတင်စမ်းသပ်၍ ဖွင့်လှစ်သည့် နှစ်ကထက် (၁၅) ရာခိုင်နှုန်းခန့် ပို၍ တိုးလာသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်လည်း ပုဂ္ဂလိကစာသင်ကျောင်းတတ်ရောက် သင်ကြားသူဦးရေမှာ ယခင်နှစ်ကထက် ပိုမိုတိုးပွားလာကြောင်း  ပညာအိမ်စာသင်ဝိုင်းကသိရသည်။

“ပုဂ္ဂလိကကျောင်းတွေနဲ့အခြေခံပညာကျောင်းတွေ သင်ရိုးညွှန်းတန်းသင်ကြားတာချင်းတော့ အတူတူပါပဲ၊ ဒါပေမယ့် ပုဂ္ဂလိကကျောင်းတွေက စာမေးပွဲနီးရင် အချိန်ပိုဆိုပြီးသင်ပေးလေ့ရှိတော့ ကျောင်းသားမိဘတွေက အားကြတာပါ ”ဟု ပညာအိမ်စာသင်ဝိုင်းကတာဝန်ရှိသူတစ်ဦးကပြောသည်။


စာသင်ဝိုင်းများနှင့် ပြင်ပကျူရှင်များမှာ ပုဂ္ဂလိက ကျောင်းအဖြစ်ဖွင့်ရန် စောင့်ကြည့်နေကြသူများရှိနေပြီး ပုဂ္ဂလိ ကကျောင်းများနှင့် ပတ်သက်သောနည်းဥပဒေများ ထွက်ပေါ်လာပါက ပုဂ္ဂလိကကျောင်းများစွာ ပေါ်ထွက်လာနိုင်သည်ဟု ပညာရေးအသိုင်းအဝိုင်းက သက်ဆိုင်ရာပညာရှင်များက သုံးသပ်ကြသည်။ 


ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။