Saturday, April 28, 2012

တောင်ဆူဒန်ကို ဆူဒန်စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက် နှစ်နိုင်ငံအကြား စစ်ပွဲပြန်ဖြစ်ပွားမည်ကို စိုးရိမ်မှုမြင့်တက်


Heglig တွင် ပျက်စီးသွားသော တင့်ကားတစ်စီးပေါ်၌ ဆူဒန်စစ်သားတစ်ဦးကို ဧပြီလ ၂၃ ရက်က တွေ့ရစဉ်
ဆူဒန်စစ်လေယာဉ်များက တောင်ဆူဒန်နှင့် အငြင်းပွားမှုဖြစ်နေသော နယ်စပ်ဒေသကို ဖြတ်ကျော်၍ ဧပြီလ ၂၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ဆူဒန်က ထုတ်ပြန်ခဲ့သည်။
ယင်းအတွက်ကြောင့် ဆူဒန်နှစ်နိုင်ငံအကြား စစ်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ် မှုမြင့်တက်စေခဲ့သည်။
ယင်းတိုက်ခိုက်မှုများမှာ မိမိတို့ နိုင်ငံအပေါ် စစ်ကြေညာခြင်းဖြစ်သည်ဟု တောင်ဆူဒန်သမ္မတ ဆေးလ်ဗားကီယာက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများအတွင်း တောင်ဆူဒန်ဘက်မှ လူ ၁၂၀၀ ကျော် သေဆုံး ခဲ့ကြောင်း ဆူဒန်တပ်မှူး တစ်ဦးဖြစ်သူ ကာမယ်လ်မာရော့ဖ်၏ ပြောကြားချက်ကို Radio Sudan ၏ ၀က်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့သည်။ သို့သော် စစ်လေယာဉ်များသုံးပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဆိုခြင်းကို ဆူဒန်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ငြင်းဆိုခဲ့ပြီး ယင်းတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် စစ်သွေးကြွများ သို့မဟုတ် တောင်ဆူဒန် သူပုန်များပါဝင်နေနိုင်ကြောင်း ပြောကြားခဲ့သည်။
မြစ်တစ်စင်းခြားကာ တည်ရှိနေသော Bentiu နှင့် Rubkona မြို့များကို တိုက်လေယာဉ်နှစ်စီးက ဒုံးကျည်လေးခုဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း အမိုးဖွင့် ဈေးတစ်ခုကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့သည်ဟု Bentiu မြို့တွင်ရောက်နေသော သတင်းထောက် အလန်ဘော့စ်ဝဲလ်က ပြောကြားခဲ့သည်။
တောင်ဆူဒန်တပ်များသည် အငြင်းပွားနေသော Heglig ဒေသကို သီတင်းပတ် တစ်ပတ်ကျော် သိမ်းပိုက်ထားခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီ တိုက်တွန်းချက်ဖြင့် တပ်များ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် ဆူဒန်ကမူ မိမိတို့က တောင်ဆူဒန်တပ်များကို တိုက်ထုတ်နိုင်ခဲ့သဖြင့် ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
တောင်ဆူဒန် ပြန်ကြားရေးဝန်ကြီး ဘန်နာဘာမာရီရယ်ဘင်ဂျမင်က ယင်းတိုက်ခိုက်မှုများကြောင့် ဆူဒန်ကို လုံခြုံရေးကောင်စီက အပြစ်ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆူဒန်အနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ယင်းဗုံးကြဲတိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချခဲ့ပြီး ဆူဒန်အနေဖြင့် ရန်စ တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ဆူဒန် နှင့် တောင်ဆူဒန်ခေါင်းဆောင်တို့အနေဖြင့် ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်လွှဲပြီး စေ့စပ်ဆွေးနွေးမှုအမြန် ပြုလုပ်ရန် ဘန်က တိုက်တွန်းခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းနယ်စပ်ဒေသရှိ နေရာအများအပြားတွင် ဧပြီလ ၂၃ ရက်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားက တောင်ဆူဒန်တို့နှင့် စေ့စပ်ဆွေးနွေးမည်မဟုတ်ကြောင်း ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် သေနတ်များ၊ ကျည်ဆန်များဖြင့် စကားပြောသွားမည်ဖြစ်ပြီး တောင်ဆူဒန်ကို သင်ခန်းစာပေးသွားမည်ဟု ဘာရှားက ပြောကြားခဲ့ သည်။
တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နှစ်ဘက်စလုံးက အပြန်အလှန်စွပ် စွဲနေကြပြီး သတင်းထောက်များနှင့် လွတ်လပ်သော စောင့်ကြည့်သူများသည် အခင်းဖြစ်သည့်နေရာများသို့ မရောက်ရှိနိုင်ခြင်းကြောင့် အတည်ပြုနိုင်ရန် ခက်ခဲကြောင်း သိရသည်။
Ref:CNN

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။