Friday, December 7, 2012

သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို သမ္မတဦးသိန်းစိန် ရွှေ့ဆိုင်း


သြစတြေးလျ ဓနသဟာယ နိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွှေ့ဆိုင်းလိုက်ကြောင်း  ဒီဇင်ဘာလ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့၏ မကြာမီကာလအတွင်း သွားရောက်မည့် အဆိုပါနှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား'' အကြောင်းမညီညွတ်ပါသဖြင့်'' ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီး အဆင်ပြေမည့်အချိန်ကို သက်ဆိုင်ရာနိုင်ငံများနှင့် ပြန်လည်ညှိနှိုင်း စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင်းဘရိုက်စ်နှင့် နယူးဇီလန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဂျွန်ကီးတို့၏ ဖိတ်ကြား ချက်အရ အဆိုပါနိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
မြန်မာသမ္မတအနေနှင့် ပြည်တွင်းရေးကိစ္စရပ်များကို ဆောင်ရွက်စရာများ ရှိသည့်အတွက်ကြောင့် သြစတြေးလျနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သြစတြေးလျအစိုးရကို          အသိပေးအကြောင်းကြားလာကြောင်း သြစတြေးလျဝန်ကြီးချုပ် ဂျူလီရာဂီးလတ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
နယူးဇီလန်ဝန်ကြီးချုပ်   မစ္စတာ ဂျွန်ကီးသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်လက လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံကာ မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ထို့ပြင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားသည်လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇွန်လက လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံကာ မြန်မာ့ ဒီမိုကရေစီအရေး ဆွေးနွေးခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။