Friday, December 7, 2012

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုအသင်းအမည် ပြောင်းလဲမည်




 ရန်ကုန်တိုင်းဒေသကြီးရှိ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုအသင်းနာမည်အား  အသင်းဖွဲ့စည်းရေးဆိုင်ရာ ဗဟိုရုံးမှ ညွှန်ကြားချက်အရ နာမည်ပြောင်းလဲရမည်ဖြစ်ကြောင်း သိရှိရသည်။

 
 
"ဗဟိုက ညွှန်ကြားလာလို့ အသင်းနာမည်ပြောင်းရတာပါ။ အခုဒီဇင်ဘာလအကုန် နောက်နှစ်အစမှာ အသင်းနာမည်စတင်ပြောင်းလဲသွားမှာပါ"ဟု အသင်းဥက္ကဌ ဦးစံရှိန်က ပြောသည်။
 
 
လက်ရှိတွင် 'စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုအသင်း' အမည်ဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး (၂၀၁၃) ခုနှစ်၊ ဇန်န၀ါရီလတွင် 'မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း' အဖြစ် အမည် ပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရှိရသည်။
 
 
အဆိုပါ အသင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် ၂၀၀၅ ခုနှစ် အောက်တိုဘာ (၁၀)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော အသင်းဖြစ်ပြီး အသင်းအနေဖြင့် မိမိနေရာ၊ ဒေသ၊ ပတ်ဝန်းကျင် အခြေအနေများပေါ် မူတည်၍ မူးယစ်ဆေးသုံးစွဲသူများအား ပညာပေးလမ်းညွှန် ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

 
"ကျွန်တော်တို့အသင်းက အသင်းဝင်တွေရဲ့ ကိုယ်ပိုင်ငွေတွေနဲ့ နောက် ဆေးပြတ်သွားတဲ့ စေတနာရှင် ပုဂ္ဂိုလ် တွေက ထည့်ဝင်ငွေတွေနဲ့ ဆောင်ရွက်နေတဲ့ အသင်းဖြစ်ပါတယ်"ဟု အသင်း ဥက္ကဌမှ ဆက်ပြောဆိုသည်။
 
 
အဆိုပါအသင်းသည် မူးယစ်ဆေးစွဲသူများကို သက်ဆိုင်ရာ မူးယစ်ဆေးဖြတ်ဌာနများသို့ လွှဲပြောင်းညွှန်ပို့ ပေးခြင်း၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများရှိလျှင် ပြင်ပဆေးရုံများသို့ လွှဲပြောင်း ညွှန်ပို့ပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တီဘီရောဂါနှင့် HIV ကူးစက်ခံရသော နာတာရှည် ရောဂါသည် များကိုလည်း အာဟာရဆေးဝါးနှင့် ငွေကြေးအထိုက်အလျှောက် ကူညီထောက်ပံ့ပေးမှု စသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။
 
 
"အခုလိုအသင်းတွေရှိနေတာကောင်းပါတယ်။ ဒီအသင်းက မူးယစ်ဆေးစွဲနေတဲ့ သူကို လမ်းမှန်ရောက်အောင် ပို့ပေးတဲ့ အသင်းတစ်ခုပါ။"ဟု အသင်း၏ လုပ်ဆောင်မှုများကို သိရှိနားလည်သူတစ်ဦးက ပြောသည်။
 
 
ထိုပြင် မူးယစ်ဆေးနှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ မူးယစ် ကြီးကြပ်ရေးမှူး သင်တန်းများ တက်ရောက်နိုင်ရန်ဆောင်ရွက်ပေးခြင်း၊ စေတနာလူမှုဝန်ထမ်းအရာရှိ သင်တန်း များတက် ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား လူငယ် အခြေပြုဟောပြောပွဲများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် အခြားစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
  
myit makha media group


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။