Friday, December 7, 2012

ကြေးနီစီမံကိန်း ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က ပဲ့ကိုင်နိုင်မလား



လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်သည်အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီး  ပြည်သူများအတွက်အေးအေးချမ်းချမ်းနှင့် ပြီးဆုံးရန် ကြိုးပမ်းပေးလိမ့်မည်ဟု ပြည်သူများကမျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။
 
 
၂၀၁၂၊ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီမှ ၄၅ မိနစ်အချိန်တွင်လက်ပန်းတောင်တောင်
အရေးနှင့်ပတ်သက်သော   ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်ကျင်းပခဲ့သည်။
 
 
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်၏စုံစမ်းမှုများကို အခါအားလျှော်စွာ သတင်းထုတ်ပြန်ခြင်းမှ လွဲ၍သတင်းထောက်များကို သီးခြားပြောဆိုမည် မဟုတ်ကြောင်း၊ သပိတ်စခန်းဖြိုခွင်းမှုနဲ့ ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းကို သဘောတူညီချက် စာချုပ်ဖြင့်လုပ်ဆောင်နေသည်ကို နားလည်ထားရမည် ဖြစ်ကြောင်း၊ လူတိုင်း တရားဥပဒေ၏အကျိုးခံစားပိုင်ခွင့် ရှိကြောင်းကို တည်ဆောက်နေသဖြင့် တရားဥပဒေအတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားပြီးနားလည်မှုနှင့် အားလုံး အဆင်ပြေအောင်လည်းလုပ်ဆောင်သွားမည်   ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။
 
 
"အချက်တွေဖြုတ်ပယ်တာမဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါကပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပါ။လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ မုံရွာမှာ ဆန္ဒပြမှုကြောင့်ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"
 
 
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း   ဒေသတို့သွားရောက်ခဲ့ပြီး ဒေသခံပြည်သူတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
 
 
  "ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မုံရွာမှာ ပြောတဲ့ သတင်းလေးတွေ ဖတ်ရတယ်။ကျွန်တော်ကြိုက်တယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်က လက်တွေ့ကျပြီးဖြေရှင်းတယ်လို့ ကျွန်တော်က နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်းပြည်သူတွေ ခံစားရတာတွေ တိုက်ခတ်ခံရတာတွေနဲ့ ပတ်သက်ပြီးပြင်းပြင်းထန်ထန်မပြောလို့ မကျေနပ်တဲ့သူတွေ ပြောနေတာလည်းကျွန်တော် သတိထားမိတယ်။ ဒါကတော့ ကျွန်တော်ဝေဖန်ချက် မပေးလိုဘူး။သူ့ရဲ့လက်ရှိထားတဲ့ သဘောထားကတော့ သင့်တင့်မျှတတယ်လို့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးတစ်ဦးအနေနဲ့ မြင်တယ်။ပြသာနာကိုရှင်းတဲ့အခါမှာလည်း ဒီမိုကရေစီနည်းကျကျ ရှင်းရမှာပေါ့``ဟုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှာသူ ဦးဝင်းမျိုးက ပြောသည်။
 
 
ထို့ပြင် ဦးဝင်းမျိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုယုံကြည်ကြောင်း ၊ သတင်းအချက်အလက်များ ကို ပြန်လည်ဖြန့်ဝေပြီးအချင်းချင်းညှို့နှို်င်းဆွေးနွေး နိုင်ခွင့်လည်း ရှိလိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောသည်။
 
 
`` ဒေါ်အောင်ဆန်းစုကြည်ဖွဲ့ထားတဲ့ ကော်မရှင်မှာသက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ပါတယ်။ အဲ့အတွက် တစ်အချက်သူတို့နဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက် မှန်မှန်ကန်ကန်ရမယ် ၊ နှစ်အချက်သူတို့ရဲ့အမြင်တွေကိုလည်း စုစည်းတင်ပြနိုင်မယ် ၊ ပြသာနာရှင်းတဲ့နေရာမှာကိုယ့်သဘောတစ်ခုတည်းနဲ့ ရှင်းလို့မရဘူးလေ။ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ အမြင်သဘောထားကိုလည်း တရားဝင် စုစည်းရမှာကိုး ၊ အင်တာနက်ထဲမှာဖေ့ဘုတ်ထဲမှာငြင်းနေတာတွေ ဘယ်လောက်ထိ သူတို့ကယုံကြည်စိတ်ချရမလဲဆိုတဲ့ သံသယအမြင်သဘောထားတွေနဲ့ ကြည့်တာလဲ အဲ့တော့ ကျွန်တော်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ခေါင်းဆောင် မှုကို ကျွန်တော်ယုံတယ်။ သူကအဓိက ဥက္ကဌကိုး ဥက္ကဌဆိုတော့ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ ညွှန်ကြားချက်ကို ချပေးနိုင်မယ်ဆိုရင်စောစောကပြောတဲ့ အားသာချက်တွေက သက်ဆိုင်တဲ့လူတွေအကုန်လုံးပါတဲ့အတွက်ကိုသတင်းအချက်အလက် shareတာတွေ အချင်းချင်းညှို့နှိုင်းဆွေးနွေးနိုင်မယ့်အခွင့်အလမ်းတော့ ရှိမယ်လိ့ထင်တယ်"ဟု ဦးဝင်းမျိုးက ပြောသည်။
 

၂၀၁၀ ပြည့်နှစ်အတွင်းက စတင်အကောက်အထည်ဖော်ခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည် မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသည်။
 
 
 မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၉၉၉ သန်းရှိပြီး ၀င်ငွေပေါ်ခွဲဝေမှုအနေဖြင့်  နိုင်ငံတော်မှ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်မှ ၁၃ ဒသမ ၈ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီးထုတ်လုပ်မှုစရိတ်ကို ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရှိရသည်။
 
 
နှစ်ခြောက်ဆယ်မြေငှားဂရန်ဖြင့် ဆောင်ရွက်နေသော လက်ပံတောင်း တောင်စီမံကိန်းသည် မြေဧရိယာ ၇၈၆၇ ဧက ကျယ်ဝန်းပြီး စီမံကိန်းစတင် ဒေသခံတို့၏မြေများကိုသိမ်းဆည်းခဲ့သည့်အပြင် အကောင်အထည်ဖော်စဉ်ကေ ဒသခံများကို သုံးနှစ်စာသီးနှံလျော်ကြေးပေးခဲ့သည်ဟု သိရှိခဲ့ရသည်။
 
 
ယခင် ကနေဒါကုမ္ပဏီအိုင်ဗင်ဟိုးကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိခဲ့သောကြေးစင်တောင်၊ စံပယ်တောင်စီမံကိန်းများ တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသောသောက်သုံးရေမသန့်ရှင်းမှု၊ ကြေးနီစီမံကိန်းမှထွက်ရှိလာသည့် အမှုန့်များကိုနေ့စဉ်ရှုရှိက် ရသည့် အန္တရာယ်နှင့် စွန့်ပစ်မြေများ စုပုံမှုကြောင့်စိုက်ခင်းများ ပျက်စီးမှုတို့အပြင် လက်ရှိ နစ်နာမှုများကြောင့် အဆိုပါလက်ပန်တောင်းတောင် ကြေးနီထုတ်ဖော်မှု ကို ရပ်ဆိုင်းလိုခြင်းဖြစ်ကြောင်းဒေသခံ များက ပြောဆိုကြသည်။
 
 
ထို့ကြောင့်လည်း အဆိုပါ စီမံကိန်းရပ်ဆိုင်းရန်ဒေသခံများကယခုနှစ်အတွင်းကန့်ကွက်ခဲ့ကြရာ သြဂုတ် ၂၄ ရက်မှ စတင်ခဲ့ကြပြီးနောက်ဒေသခံများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများကို အရှိန်မြှင့်တင်၍ နိုဝင်ဘာ ၁၇ရက်မှ စတင်ကာ မြန်မာဝမ်ပေါင်ရုံးရှေ့တွင် သပိတ်စခန်းများဖွင့်လှစ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူတို့မှသံဃတော်များပါဝင်သော အထွေထွေသပိတ်ကို စတင်ခဲ့ကြခြင်းဖြစ်သည်။
 
 
အဆိုပါ သပိတ်စခန်းများမှ မြေစာပုံသပိတ်စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် ၃ နာရီ ကျော်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက သပိတ်စခန်းကိုမီးလောင်စေပြီး ဖြိုခွဲခဲ့သောကြောင့် ရဟန်း သံင်္ယာပေါင်း ၃၀ကျော်နှင့်ဒဏ်ရာရရှိသူပေါင်း ၆၀ ကျော်ခန့် ရှိခဲ့ကြောင်း သိရှိရသည်။
 
 
သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခြင်းနှင့်သင်္ယာများကိုဒဏ်ရာရရှိစေခဲ့သောကြောင့် အဆိုပါသပိတ် စခန်းများ ဖြိုခွဲမှုနှင့်ပတ်သက်ပြီးပြည်နယ်အချို့ရှိ ရဟန်းရှင်ပြည်သူအချို့က ဆန္ဒထုတ်ဖော်ပွဲများဆက်လျက်ပြုလုပ်လျက်ရှိသည်။
 
 
နိုင်ငံတော်သမ္မတရုံးမှ လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေး ခဲ့သည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန်သင့်၊ မသင့်နှင့် ဆန္ဒပြဖြစ်စဉ်များထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန်ဖော်ထုတ်နိုင်ရန်အတွက်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်အဖွဲ့ဝင် ၃၀ဦးပါဝင်သော အဖွဲ့ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
 
" ဒေါ်အောင်ဆန်းစုကြည်က ဒီစီမံကိန်းကို ဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွား အတွက် ကိုမျှော်ကိုး ပြီးတော့ ရေရှည် အတွက်ကို မျှော်ကိုးပြီးတော့ဆုံးဖြတ်ချက်ချမယ်လို့ပဲကျွန်တော်တို့ ယူဆပါမယ်။အဲ့အပေါ်မှာ ထိုက်သင့်အလျောက် မြေယာခွဲဝေမှုတွေလျော်ကြေးပေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က တပြိုင်နက်တည်းလုပ်သွားလိမ့်မယ်လို့ ယူဆပါတယ်။ တပြိုင်နက်တည်း လုပ်သွားမယ့်အတွက်ကိုကျွန်တော်တို့ ကြိုတင်ထင်မြင် မှန်းဆထားပြီးသားပါ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်အပေါ်ကို ပြည်သူတွေက လိုက်နာကြမှာပါ။ ဘာကြောင့်လဲ ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥာဏ်ကြီးမှုကို ကျွန်တော်တို့ကလေးစားပြီးသားမို့လို့ပါ။ "ဟု ပြည်သူ ဦးစိုးမိုးထွန်း ကသူ့အမြင်နှင့်သဘောထားကို သုံးသပ်ပြောဆိုသည်။
 
 
ကော်မရှင်ဖွဲ့စည်းပြီး နှစ်ရက်မြောက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အဖွဲ့ဝင် ၁၆ ဦးသို့ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကရန်ကုန်မြို့၊ တိုင်းဒေသကြီး လွှတ်တော်တွင် သတင်းစာရှင်းလင်းပွဲကိုပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
 
 
ထို့အပြင် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုရလာဒ်များအား ပြည်သူအားလုံးကကျေနပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲ တွင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းရာတွင် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
 
  "စုံစမ်းရေးမှာ ဘယ်တော့မှ အားလုံးကျေနပ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ကျမတို့ မြင်ရင်မြင်တဲ့အတိုင်း အဖြေကိုတင်ပြသွားမှာပါ။ မကျေနပ်တဲ့သူကလဲရှိမယ်၊ကျေနပ်တဲ့သူကလဲရှိမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ေ မးမြန်းမှု အားပြန်လည်ဖြေဆိုသည်။
 
 
ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီးရန်ကုန်မြို့ခံပြည်သူတဦးကသူ့အမြင်ကို ပြောဆိုသည်။
 
 
 " ပြည်သူတစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ကိစ္စကိုပြေလည် အောင် ဆိုပြီးတော့ ကော်မရှင်အနေနဲ့ ဆောင်ရွက်တာက၀မ်းမြောက်ဝမ်းသာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ ပြောချင်တာက လက်ရှိအာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်လုပ်ပိုင်ခွင့်တွေပေးမလဲဆိုတာကိုဘဲ ပြန်ပြီး ပြည်သူအနေနဲ့ ကြည့်နေရတာပေါ့လေ။ အဲ့တော့စောင့်ကြည့်နေ တဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ပိုင်ခွင့်ကို အပြည့်အ၀မရဘူးဆိုရင်တော့ အဖြေကတော့ တိတိကျကျထွက်မှာ မဟုတ်ဘူး။ဘာကြောင့်လဲဆိုရင် အာဏာပိုင်တွေက လက်ရှိကိုပြောရမယ်ဆိုရင် ဦးပိုင်ကအာဏာပိုင်ပဲ အာဏာပိုင်သည် ဦးပိုင်ဘဲ သူတို့ရဲ့အကျိုးစီးပွားအတွက်ကိုသူတို့ဆောင်ရွက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အစအဆုံး ပေါ်ပေါက်အောင်သူတို့ရဲ့အပြစ်စနစ်တွေ ပေါ်ပေါက်အောင် ဆောင်ရွက်မယ်ဆိုရင်သူတို့အကျိုးစီးပွားတွေ ပျက်ဆီးဆုံးရှုံးမှာကိုး အဲ့တော့ အကျိုးစီးပွားကိုထိခိုက်နိုင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ်အရှင်းဆုံးပြောရမယ်ဆိုရင် မိမိသိလိုတဲ့ အချက်အလက်တွေကိုစုံစမ်းပိုင်ခွင့်ကို ပိုင်ပိုင်နိုင်နိုင် ပေးမယ်ဆိုရင်တော့ပြည်သူအနေနဲ့ အများကြီး ၀မ်းမြောက်မိမှာပါ" ဟု ပြည်သူ ဦးဇော်ဝင်းကပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းမျိုးသူကလည်းပြည်သူလူထုအနေနှင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများအတွက်ပြောဆိုတတ်ရုံသာမက တောင်းဆိုတတ်ဖို့ပါ လိုအပ်လာကြောင်း ပြောသည်။
 
 
   ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စောင်းပေးပြီးတော့ လုပ်လာတာပေါ့လေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး  ပြည်သူတွေ ဒီထက်ပိုပြီးအမြင်ပွင့်လာအောင် တိုင်းသူပြည်သားတွေ ၊ နောက်တစ်ခုက အစိုးရဌာနတွေလည်းဒီထက်အမြင်ပွင့်အောင် ဗဟုသုတရအောင် လုပ်ပေးဖို့ တာဝန်တွေအရေးကြီးတယ်။မှန်မှန်ကန်ကန်မြင်ဖို့လိုမယ်ထင်တယ်။ အစွန်းရောက်တဲ့အမြင်တွေအစွန်းရောက်တဲ့ ခံစားချက်တွေဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ၊လယ်တောင်စိုက်လို့ရတော့မှာ မဟုတ်တော့ဘူး ၊ ဒါကြောင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရမ်းအရေးကြီးတယ်။ မှန်မှန်ကန်ကန်မျှမျှတတနဲ့နားလည်ပြီးတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် ဆိုင်ရာ အခွင့်အရေးတွေ ၊ပြောဆိုတတ်ဖို့ ၊ တောင်းဆိုတတ်ဖို့ အရမ်းအရေးကြီးပါတယ်။


--
Posted By Blogger to လုလင်လေး at 12/07/2012 05:52:00 AM

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။