Friday, December 7, 2012

 ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်သို့ လာရောက်


ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ms.Valerie Amos  သည် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။Ms.Valerie Amos သည်  မြေပုံ၊ ပေါက်တော၊ မောင်တောနှင့် စစ်တွေမြို့နယ် တို့တွင်ရှိသော ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး ရခိုင်တွင် အကူအညီလိုအပ်မှု စိန်ခေါ်ချက်များစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။

စစ်တွေမြို့လေဆိပ်မှ ရဟတ်ယာဉ်ဖြင့် မြေပုံမြို့ရှိ ရခိုင်နှင့် ဘင်္ဂလီ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ဒေသခံများနှင့်တွေ့ဆုံ၍ အခြေအနေကိုလေ့လာ သုံးသပ်ခဲ့ကြောင်း၊ ယင်းမှတဆင့် ပေါက်တောမြို့နယ် ကြယ်နီမြင်ကျေး ရွာရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြောင်း၊ ထိုမှတဆင့် မောင်တောမြို့နယ်ရှိ ဘင်္ဂလီများ ၀င်ရောက်မီးရှို့ခြင်းခံခဲ့ရသော မောရ၀တီနှင့် ခရေမြိုင်ကျေးရွာများသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်တွေသို့ပြန်လာခဲ့ပြီး UNနှင့် NGO အဖွဲ့အစည်းများအား တွေ့ဆုံကာ စစ်တွေဟိုတယ်တွင် အစည်းအဝေးလုပ်ခဲ့သည်။ ထို့နောက် အုန်းတောကြီး ဘင်္ဂလီ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထိုမှတဖန် ဘောတူဘကယ်ဆယ်ရေးစခန်းနှင့် မင်းဂံရှိ ရခိုင်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ညနေတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ည ၇ နာရီခန့်တွင် သတင်းထောက်များနှင့် နာရီဝက်ခန့် တွေ့ဆုံပြီး မေးမြန်းချက်များကို အကျဉ်းချုံ့ဖြေကြားခဲ့ကြောင်း သိရသည်။ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လက်ရှိ ရခိုင်ပြည်နယ် အစိုးရအပေါ်အမြင်၊ယူအမ်လက်အောက်ခံ အဖွဲ့အစည်းများ၏ လုပ်ဆောင်များအား ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်မယ့် အစီအစဉ်များရှိမရှိ၊ လိုအပ်ချက်တွေ ရှိမရှိ Eleven Media Group ၏ မေးမြန်းချက်အပေါ်
Amos က "ရခိုင်မှာ လိုအပ်မှု စိန်ခေါ်ချက်တွေ အများကြီး ရှိပါတယ်။ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်နေပါတယ်။ ကျွန်မတို့က ပြည်နယ် အစိုးရကို ကူညီဖို့ လာတာပါ။ ပြည်နယ်အစိုးရရဲ့ လိုအပ် ချက်ကို သိမှသာ တက်နိုင်သလောက် ကူညီ ဖြေရှင်းပေးသွားလို့ရမှာပါ။နောက်တစ်ချက်က ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ကျွန်မတို့ လုပ်ထားပါတယ်။ ဘာတွေလုပ်မယ်ဆိုတာကို အင်တာနက်ပေါ် အမြဲတမ်း တင်ပါတယ်။ အဲဒီကနေ လေ့လာ လို့ရပါတယ်။ မီဒီယာတွေအပေါ် ပြန်လည်ဖြေကြားပေးနိုင်ဖို့လည်း ဆောင်ရွက်သွားမှာပါ" ဟု ဖြေကြားခဲ့ပါသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ မြင်တွေ့ခဲ့ရသည်များထဲတွင် ကျန်းမာရေးစောင့်ရှောက်မှု လို အပ်ချက်၊စာသင်ကျောင်းများ ဖွင့်လှစ်ရန်လိုအပ်ချက်၊ ရေလုံလောက်စွာ ရရှိရန် လိုအပ်ချက်၊ ကယ်ဆယ်ရေး စခန်းများ လိုအပ်ချက်၊ နေအိမ်များ လိုအပ်ချက်၊ ယာယီတဲများ လိုအပ်ချက်၊ နေရာချထားရေး လိုအပ်ချက်များနှင့် အခြေခံစီးပွားရေး လုပ်ငန်းများဖြစ်သည့် ရေထွက်ပစ္စည်း လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်မပြေမှုများကို မြင်တွေ့ခဲ့ရကြောင်း  Amos က ပြောကြားခဲ့သည်။
"ရေလုပ်ငန်းလုပ်ကိုင်သူတွေ ငါးဖမ်းထွက်လို့ မရတာတွေလည်း တွေ့ခဲ့ရတယ်။ တစ်ချို့အိမ်တွေမှာ လူတွေ အဆမတန်စုပြုံနေထိုင် နေရတာတွေလည်းရှိတယ်။ထောင်ပေါင်းများစွာသော လူတွေဟာ
ကူညီပံ့ပိုးမှုတွေ လိုအပ်နေဆဲဆိုတာ တွေ့ရတယ်။ဒါတွေဟာ အစိုးရအတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ တစ်ချို့က ကယ်ဆယ် ရေးတွေ အပြည့်အ၀ရပြီးတော့ တစ်ချို့မရတာတွေလည်း တွေ့ရတယ်။ ကျွန်မတို့က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကိုသာ ကူညီပေးသွားမှာပါ" ဟုလည်း ထပ်မံ ပြောကြားခဲ့သည်။
Amos သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို လေ့လာ အကဲခတ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ၄ ရက်ကြာခရီး လာရောက်ခြင်း ဖြစ်သည်။ ထို့အပြင် လက်တလော လူ့အခွင့်အရေး အခြေအနေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရသော ရခိုင်ပြည်နယ် အပြင် ကချင်ပြည်နယ်သို့လည်း သွားရောက်ရန်ရှိပြီး အကြမ်းဖက်မှုများနှင့် စစ်ပွဲများကြောင့် ဒုက္ခရောက်နေကြရသည့် ပြည်သူများထံသို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း၊ရန်ကုန်မြို့သို့ ပြန်ရောက်သောအခါတွင်လည်း
သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် လုပ်နိုင်ခြေရှိကြောင်း သိရှိရပါသည်။
ရိုဟင်ဂျာဟု ပြောဆိုရခြင်းသည် သူတို့က သူတို့ကိုယ်ကို ရိုဟင်ဂျာဟု ပြောနေသဖြင့်  ရိုဟင်ဂျာဟု သုံးနုန်းရခြင်းဖြစ်ပြီး မြန်မာအစိုးရ၏ ပြောဆိုချက်ကို ကန့်ကွက်ခြင်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်း၊ အရေးအကြီးဆုံးမှာ ဒုက္ခရောက်နေသူများကို ကယ်တင်နိုင်ရေးသာဖြစ်ကြောင်း Amos က ပြောကြားခဲ့သည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အဓိက ရခိုင်ပြည်နယ်အတွင်း စိန်ခေါ်မှုများသည် ဒုက္ခသည်များ လိုအပ်နေသော အရာများ ထိရောက်စွာ မဖြန့်ဝေနိုင်ခြင်းနှင့်  ကလေးငယ်များ ကျောင်းမတက်ရောက်နိုင်မှု၊ စာနပ်ရိက္ခာ မလုံလောက်မှုများလည်း ပါဝင်ကြောင်း၊ လုပ်ဆောင်ချက်များအား ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။လူအဖွဲ့အစည်းနှစ်ခုအနေဖြင့် သင့်မြတ်အောင် နေနိုင်ရန်ဆိုသည်မှာလည်း စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိကာလသည် အစိုးရမှ ဦးဆောင်ပြီး လုပ်ကိုင်နေသဖြင့် အစိုးရအပေါ်တွင် များစွာမူတည်မည်ဖြစ်ကြောင်း၊အစိုးရမှ လုပ်ဆောင်မည့် လုပ်ငန်းများကိုသာ ကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။