Monday, December 3, 2012

ငလျင်ဒေသ ပြန်လည် ထူထောင်ရန် ကျပ်ငွေ တစ်ဘီလီယံ သံုးစွဲ


ငလျင် လှုပ်ခတ်မှု ကြောင့် ပျက်စီးမှု များစွာ ကြုံတွေ့ ခဲ့ရသော စစ်ကိုင်း တိုင်း ဒေသ ကြီးတွင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ လုပ်ဆောင် ရန် ပြည်ထောင်စု အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ကျပ်ငွေ တစ်ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။


 ယင်းတစ်ဘီလီယံမှာ အရေးပေါ် ကာလ ကယ်ဆယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျာထားသော သဘာဝဘေး ဘက်ဂျက်ထဲမှ သုံးစွဲမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။ “ဘယ်လို အသုံးပြုမယ်ဆိုတာက တိုင်းဒေသကြီး အစိုးရနဲ့ လူမှု ဝန်ထမ်းနဲ့ ကယ်ဆယ်ရေးတို့က ဆုံးဖြတ်မှာပါ၊ ယဉ်ကျေးမှု အဆောက်အဦးနဲ့ လမ်း တံတား တွေကိုလည်း ပြင်ဆင်ဖို့ အသုံးပြု သွားမှာပါ” ဟု ၄င်းက ဆိုသည်။
တိုင်းဒေသကြီး အစိုးရသည် ဒေသ လိုအပ်ချက်ကို ပြည်ထောင်စု အစိုးရ ထက် ပိုမိုနားလည် သိရှိသဖြင့် ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပညာရေး တို့အတွက် အသုံးပြုရာတွင် မည်သည့် ဒေသကို ဦးစားပေး လုပ်ဆောင်မည်၊ မည်သို့ အသုံးပြုမည်ကို တိုင်းဒေသကြီး အစိုးရ ကသာ ဆုံးဖြတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ စစ်ကိုင်းတိုင်း ဒေကြီး ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင် အကွာကို ဗဟိုပြုကာ ရစ်ခ်ျစတာစကေး ၆ဒသမ ၈ ဖြင့် နိုဝင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေ (အင်းဝ) ရှိ သာသနိက စေတီအချို့ အပျက်အစီး များ ရှိခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် အတွင်း လှုပ်ခတ်ခဲ့သော ငလျင် ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျ ပျက်စီးသည့် အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်းခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ၇နာရီ ၄၂ မိနစ် အချိန်တွင် ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင် အကွာကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၈ အဆင့် ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ရာ ရွှေဘိုမြို့နှင့် ပတ်ဝန်းကျင် ဒေသ များ ပြင်းထန်စွာ ထိခိုက် ပျက်စီးခဲ့ရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။