Monday, December 3, 2012

အိန္ဒိယ-မြန်မာ-တရုတ် အဝေးပြေး လမ်းမကြီး ဖောက်မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားနှင့် တရုတ်နိုင်ငံ၊ ယူနန်
ပြည်နယ်၊ ကူမင်းမြို့တို့ကို မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် အဝေးပြေး ကုန်သွယ်ရေး လမ်းမကြီးအဖြစ် သွယ်တန်းမည် ဟု သိရသည်။


အိန္ဒိယနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ပြည်နယ်တို့မှ အရာရှိများက လွန်ခဲ့သည့် သီတင်းပါတ်အတွင်း ကူမင်းမြို့၌ တွေ့ဆုံကာ အဆိုပါ ကီလိုမီတာ တထောင်ကျော် ရှည်လျားသည့် လမ်းမကြီး စီမံချက်ကို ဆုံးဖြတ်လိုက်ကြကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာတွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်အနေနှင့်လည်း ၎င်းတို့၏ စစ်တကောင်းမှ မန္တလေး-ကူမင်း လမ်းမကြီးအား ချိတ်ဆက်နိုင်မည့် လမ်းအား ပူးတွဲဖောက်လုပ်ရန်လည်း မြန်မာအစိုးရအား အဆိုပြုထားဖူးပြီး ယခု ဖောက်လုပ်မည့် ကိုလ်ကတ္တား-ကူမင်းလမ်းမှာ ဘင်္ဂလားဒေ့ရှ်ကို ကွင်းပတ်ထားပြီး ဘင်္ဂလားပင်လယ်အော်သို့ တရုတ်လမ်းဖော်ခြင်း ဖြစ်သည်။

ထိုမှတဆင့် တရုတ်ကုန်ပစ္စည်းများကို အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တင်ပို့နိုင်မည် ဖြစ်သည်။ သို့မဟုတ်မူ စင်္ကာပူနှင့်မလေးရှား မလက္ကာ ရေလက်ကြားမှတဆင့် တင်ပို့ရသည်မှာ ကျဉ်းမြောင်း၍ အန္တရာယ်ထူပြောသလို အခွန်အကောက်လည်း ကြီးမြင့်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ကမ်းလှမ်းချက်ကို မြန်မာက တုန့်ဆိုင်းနေရခြင်းမှာ စစ်တွေ ခေတ်မီ ဆိပ်ကမ်းနှင့် ၎င်းသို့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များနှင့် ချိတ်ဆက်နိုင်ရန် လမ်းဖောက်လုပ်ရေးတွင် အိန္ဒိယမှ ကူညီထားခြင်းမှာ အကြောင်းတရပ်ဖြစ်နိုင်သည်ဟု သံအမတ်ကြီးတဦးက သုံးသပ်ထားသည်။

အကယ်၍ စစ်တကောင်းဆိပ်ကမ်းနှင့် ကူမင်းလမ်း ဖောက်လုပ်ပါက မဝေးလှသည့် စစ်တွေဆိပ်ကမ်း၏ အရေးပါမှု
လျော့သွားဖွယ် ရှိနိုင်သည်ဟုလည်း ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။