Monday, December 3, 2012

လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်တို့ ပါဝင်ခဲ့ပြီး လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်စဉ်အပြင် ယင်းဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သည့် ကော်မရှင်မှ ၈၈ မျိုးဆက်ကျောင်းသားများက အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ငြင်းဆန်ခဲ့မှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
''ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ကျွန်တော်တို့ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ၊ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အလားအလာတွေ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျွန်တော်တို့ ကော်မရှင်မှာမပါတာကို သူ့အနေနဲ့ အပြည့်အ၀ နားလည်တယ်။ သဘောတူပါတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း  ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ဒီကော်မရှင်မှာ မပါဝင်နိုင်ပေမယ့် အပြည့်အ၀ထောက်ခံတယ်။ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်'' ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ ကိုဌေးကြွယ်က ပြောပါသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံမှုတွင်မူ ၄င်းတို့အား ကော်မရှင်တွင် ပြန်လည်ပါဝင်ရန် ထပ်မံကမ်းလှမ်းခဲ့ကြောင်း သိရသည်။
''၀န်ကြီးဦးအောင်မင်းနဲ့တွေ့တော့ ကျွန်တော်တို့ကို ကော်မရှင်မှာပါဝင်ဖို့ ထပ်မံကမ်းလှမ်းတယ်။ ဒါပေမယ့် မပါနိုင်တဲ့ အခြေအနေကိုလည်း နားလည်ပါတယ်လို့ ပြောခဲ့ပါတယ်'' ဟု ကိုဌေးကြွယ်က ဆက်လက်ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် ၃ နာရီက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များနှင့် လူပုဂ္ဂိုလ် တစ်ရာခန့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပြီး နာရီပိုင်းအတွင်းပင် ယင်းအဖွဲ့တွင် မပါဝင်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက သဘောထားထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။