
အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည်ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့လောက်အောင် ပုံစံပြောင်းလဲနေသည့်အတွက် အံ့သြမှင်သက်မိသည်။ ပထမ အကြိမ် လာစဉ်ကနှင့်မတူ မြန်မာဆန်ဆန် ဆံပင်စီးလေးနဲ့ အင်္ကျီအဖြူရင်ဖုံးလက်ရှည်၊ လုံချည်အနက်ဖြင့် လွန်စွာမှ ကျက်သရေအပေါင်းနှင့် ပြည့်စုံနေသည်။ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှု မြန်မာဆန်ဆန် ကျက် သရေအပေါင်းနှင့် ပြည့်စုံနေယုံတင်မက သူမ၏လာရင်း ကိစ္စသည်လည်း ကျက်သရေမင်္ဂလာရှိသော မြင့်မြတ်သောသူတို့သာ လုပ်ဆောင်နိုင်သော နာရေးကူညီမှုတည်း ဟူသောကုသိုလ်ရေး ကိစ္စရပ်ပင် ဖြစ်ပေသည်။ ထို့ကြောင့် Miss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ လုပ်အားပေး မောင်နှမများနှင့်အတူ ဗြဟ္မစိုရ်တရားလေးပါး ရင်ဝယ်ပိုက်ကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြသော သက်မဲ့ရုပ်ခန္ဓာအား ကိုယ်တိုင်ကိုယ်ကျ ထမ်းရွက်ပေးဆပ်ရန် တက်ကြွသော ခြေလှမ်းများဖြင့် လာရောက် ခဲ့သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။
အများအကျိုး လူမှုရေးလုပ်ငန်းများအတွက် မိမိတို့၏ အားလပ်ချိန်များအား အကျိုးရှိစွာအသုံးချ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ လုပ်အားပေးနေကြသည့် မောင်နှမများအား နှုတ်ဆက်ကြပြီးနောက် အသင်းသို့ရောက်ရှိကြောင်း လက်မှတ်ရေးထိုး၊ ရင်ထိုးတပ်ဆင်၊ လည်ဆွဲကဒ်ထုတ်ယူအပြီး ဈာပနဋ္ဌာနသို့ အကူအညီတောင်းခံထားသည့် လမ်းကြောင်းများအနက် ကူညီဖေးမရန် အမှတ်စဉ်အလှည့်ကျသည့် ကွယ်လွန်သူ ဦးဇော်မိုးဦး အသက် (၄၄) နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရမည့် ဈာပနလမ်းကြောင်းအား လိုက်ပါကူညီ ဖေးမပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပနဋ္ဌာနသို့ ပြန်လည်ရောက်လာချိန်တွင် မိမိလိုက်ပါပို့ဆောင်ခဲ့သည့် နိဗ္ဗာန်မော်တော်ယာဉ်၏ အလှည့် သို့တိုက်ဆိုင်စွာဖြင့် ပြန်လည်ရောက်သည့်အတွက် ချက်ချင်းဆိုသလိုပင် နန်းခင်ဇေယျာသည် အားမာန် အပြည့်ဖြင့် မဆိုင်းမတွ ဒုတိယမြောက် ဈာပနလမ်းကြောင်းအဖြစ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၂) ရပ်ကွက် နေ ကွယ်လွန်သူ ဒေါ်ခင်မြ အသက် (၈၇) နှစ်၏ ရုပ်ခန္ဓာအား နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ခြင်းအား ကူညီဖေးမပေးခဲ့သည်။
သတင်းဓါတ်ပုံ - FFSS
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။