Monday, December 3, 2012

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်နေပြီး ဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ရှင်းလင်း


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်နေပြီးဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာလ ၃ ရက်နေ့က ၄င်းတို့ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

''ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်တာဆိုတော့ ဒါကိုအသက်ဝင်အောင်၊ ပြဿနာကို အကောင်းဆုံး၊ အငြိမ်းချမ်းဆုံးနည်းနဲ့ ဖြေရှင်းမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့  လုံလောက်ပြီလို့ ယူဆပါတယ်'' ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
ယခုကော်မရှင်တွင် မပါဝင်သော်လည်း ရရှိနိုင်သော အချက်အလက်များကို စုဆောင်းပေးပြီး ကော်မရှင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ မုံရွာခရီးစဉ်အတွင်း ရွာသားများနှင့် တွေ့ဆုံမှုတွင် အချက်အလက်အသစ်များကို ရရှိခဲ့ကြောင်း၊ အဓိကအနေဖြင့် ကော်မရှင်သို့ တရားမျတမှန်ကန်သည့် အချက်အလက်များ ရောက်ရှိသွားရန်သာဖြစ်ကြောင်း၊ ကော်မရှင်ကိုလည်း အပြည့်အ၀ ထောက်ခံသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ပြောကြားခဲ့သည်။
''လွှတ်တော်ထဲကိုဝင်မှ နိုင်ငံ့တာဝန်ထမ်းတာ မဟုတ်သလို ကော်မရှင်ထဲကို ၀င်မှလည်း မဟုတ်ဘူး။ ကော်မရှင်ကို ကြည့်လိုက်တဲ့အခါမှာ လုံလောက်တယ်လို့ ဆိုရမယ်။ ကော်မရှင် အပြင်မှာလည်း ကျွန်တော်တို့ လုပ်စရာအများကြီးရှိတယ်။ ကော်မရှင်ဆိုင်ရာ အစည်းအဝေးတွေ ရှိနေမယ်၊ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေမယ်ဆိုရင် ပြေးရလွှားရတာ အခက်အခဲရှိမှာလည်း စိုးတယ်။ အဓိကကတော့ အချက်အလက်အမှန်တွေ ကျွန်တော်တို့ရဖို့ပါပဲ'' ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ ဒုတိယမြောက် ကြေညာချက်ကိုလည်း ယင်းနေ့တွင် ထုတ်ပြန်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန်နှင့် သံဃာတော်များကို ၀န်ချတောင်းပန်ရန်၊ စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက် နေမှုများကို ရပ်ဆိုင်းထားရန်၊ ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန် စသည့်အချက်များကို တောင်းဆိုခဲ့သည်။
''အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ၀န်ချတောင်းပန်မယ်ဆိုရင် မထိတထိလုပ်တာမျိုး၊ စိတ်မပါဘဲနဲ့ ပြီးစလွယ် သွားလုပ်လိုက်တာမျိုး မဖြစ်ဖို့လိုပါတယ်။ သံဃာထုရဲ့ ကျေနပ်မှုကို ဘယ်လိုနည်းနဲ့ ရယူမလဲဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လေ့လာလျောက်ထားသင့်တယ်။ တုံ့ပြန်တဲ့နေရာမှာ မာန်မာနကို ချပြီးတော့ အကျအန တောင်းပန်ရပါလိမ့်မယ်'' ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များ အပါအ၀င် ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သောကြောင့် ယင်းဖြစ်စဉ်ကို စုံစမ်းရန် နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ အဖွဲ့ဝင်အဖြစ် ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင် မပါဝင်လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက နာရီပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြေညာချက်နှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကို ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၄င်းတို့က ဆုံးဖြတ်ချက်ကို အပြည့်အ၀နားလည်သည်ဟု ပြောကြားခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။