Monday, December 3, 2012

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် CNFက ပြည်ထောင်စုအဆင့် ဆွေးနွေးမည်


ချင်းအမျိုးသားတပ်ဦးမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုအစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံ၍ ချင်းပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လာမည့် ဒီဇင်ဘာ (၇)ရက် နေနှင့်(၈) ရက်နေ့များတွင် ရန်ကုန်၌   တွေ့ဆုံဆွေးနွေးမည်ဟု ချင်းအမျိုးသားတပ်ဦးမှ သိရသည်။



အခု ချင်းပြည်နယ်ကနေ ထွက်လာနေပါပြီ ကလေးဘက်ကနေ လှည့်ပြီး ရန်ကုန်ကိုလာနေပါပြီ။ ရန်ကုန်မှာပဲ ပြည်ထောင်စု အဆင့်အဖြစ် တွေ့ကြမှာပါ။ ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး -၃ တာဝန်ယူထားသူ ဆလိုင်းမျိုးချစ်က ပြောသည်။


ချင်းအမျိုးသားတပ်ဦး (Chin National Force)အနေဖြင့် ပထမအကြိမ်တွေ့ဆုံမှုတွင် ပြည်နယ်အဆင့် အဖြစ်တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ၊ ဆက်ဆံရေးရုံးများဆိုင်ရာသတ်မှတ်တာဝန်များနှင့် တာဝန်ခွဲဝေခြင်းများ အပါအ၀င် (၁၅)ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါတွင် ပြည်ထောင်စုအဆင့်အနေဖြင့် တွေ့ဆုံပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးမည် ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး၏ ထုတ်ပြန်ချက်တွင် ပါရှိရသည်။


ချင်းအမျိုးသားတပ်ဦးအနေဖြင့် ယခုပြည်ထောင်စုအဆင့်ရှိဝန်ကြီးများနှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်း မှာ အပစ်အခတ်ရပ်စဲရေးအပါအ၀င် သဘောတူညီချက်များအား ဖောက်ဖျက်ခြင်းကြောင့် တွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။


အခုဆွေးနွေးတယ်ဆိုတာက အပစ်အခတ်ရပ်စဲရေးကိစ္စတွေအတွက် သဘောတူညီချက်တွေကို မလိုက်လျောလို့ တွေ့ဆုံတာ မဟုတ်ပါဘူး အရင်က နှစ်ဖက်တွေ့တာက ပြည်နယ်အဆင့် အခု ပြည်ထောင်စုအဆင့်အနေနဲ့တွေ့ကြတာပါ ဆက်ဆွေးနွေးဖြစ်တဲ့သဘောပါ ဟု ဆလိုင်းမျိုးချစ်က ဆက်လက်ပြောသည်။


ချင်းပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးထားခြင်းမှာ ကောင်းမွန်သော အနေ အထားသို့ ရောက်ရှိနေသော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ၊ ကရင်ဒေသများတွင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးထားခြင်းမှာ ယိမ်းယိုင်လျက်ရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တွဲဖက်အတွင်းရေးမှူးက ဆိုသည်။


အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးက ၅၀-၅၀ ဘဲရှိတယ်။ အခြေအနေကို စောင့်ကြည်ရအုံးမယ်။ “ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောသည်။


၂၀၁၂ခုနှစ် မေလ (၇)ရက်နေ့ ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်ထောင်စု ရိပ်သာ၌ ချင်းအမျိုးသား တပ်ဦးသည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့များ ၊  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံပြီး ချင်းပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပါအ၀င် အချက်(၁၅)ချက်အား ပထမဆုံးအကြိမ်အဖြစ် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။