
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော
ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303 သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။
ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နံနက် ၆ နာရီ အချိန်ဝန်းကျင်ကတည်းကပင် လေဆိပ်အတွင်း၊ အပြင်တွင် ကြိုဆိုရန် စောင့်ဆိုင်းသူများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ရှိရချိန်မှစ၍ လာရောက်ကြိုဆိုသော ပြည်သူများအပြင် လေဆိပ်အတွင်းရှိသူများပါ လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
ထို့အပြင် လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျှောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
''အမေစုကို အရင်ကတည်းက တကယ်ကို သဘောကျခဲ့တာပါ။ စိတ်ရင်းစိတ်ထားက ပြည်သူလူထုအတွက် အရမ်းကို ကောင်းအောင် လုပ်ပေးလိုတဲ့စိတ် ရှိတယ်။ အခုလာ ကြိုတာ။ အမေတစ်ယောက်ကို လာကြိုရသလိုပဲ ခံစားရတယ်။ တကယ်ကို ၀မ်းသာနေပါတယ်''ဟု မင်္ဂလာဒုံ မြို့နယ်တွင်နေထိုင်သူ ချင်းတိုင်းရင်းသူ ဒေါ်လွန်းက ပြောပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း စောင့်ဆိုင်းကြိုဆိုသူများနှင့် လေဆိပ်မှ လိုက်ပါလာသောသူများကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပငါးနိုင်ငံ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ညီလာခံတွင် မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအတွက် နိုဗယ်လ်မိန့်ခွန်းပြောကြားခြင်း၊ အိုင်ယာလန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) မှ ချီးမြှင့်သော Ambassador of Conscience ကို လက်ခံယူခြင်း၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်တွင် နေထိုင်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသား ချားလ်တို့နှင့် သီးခြားစီတွေ့ဆုံခြင်း၊ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ ဗြိတိသျှပါလီမန်မှ Westminster ခန်းမတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် မိန့်ခွန်းပြောကြားခြင်း၊ တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် လန်ဒန်မြို့တွင် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော
ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်
အရှေ့ဘက်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံ၌ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်၊ နိုင်ငံခြားရေးဝန်ကြီး LaurentFabius၊ ပါရီမြို့တော်ဝန် Bertrand Delanoe၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှ ဇွန်လ ၂၉ ရက်နေ့မှ ထွက်ခွာလာခဲ့ရာ ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။