Sunday, July 1, 2012

ရေလုပ်ငန်းနယ်ပယ်တွင် ပထမဆုံး လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခြင်းအဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခု အာဂျင်တီးနားမှ ငါးများတင်သွင်း၍ ရေထွက်ပစ္စည်းများ ထုတ်လုပ်

ရေလုပ်ငန်းနယ်ပယ်တွင် ပထမဆုံးအဖြစ် ပြည်ပမှ ရေထွက်ပစ္စည်း ကုန်ကြမ်းတင်သွင်း၍ ပြည်တွင်းတွင် ကုန်ချောထုတ်လုပ်ပြီးပြန်လည် တင်ပို့သည့် လက်ခစားစနစ်ကို ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံ တစ်ခုအားသရုပ်ပြ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ယင်းစက်ရုံက  အာဂျင်တီးနားနိုင်ငံမှ ငါးများတင်သွင်း၍ မလေးရှားကုမ္ပဏီအတွက် လက်ခစားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း လက်ခစားစနစ် သရုပ်ပြ လုပ်ကိုင်ခွင့်ရခဲ့သည့် အဏ္ဏ၀ါဒေ၀ီ ငါးဖမ်းကုန်ထုတ်နှင့် အထွေထွေလုပ်ငန်း သမလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''တခြားလုပ်ငန်းနယ်ပယ်မှာ တော့လက်ခစားစနစ်ကို CMP လို့ ခေါ်ပါတယ်။ ရေလုပ်ငန်းမှာတော့ (Contract Processing Practise-CPP)လို့ ပြောပါတယ်။ ရေလုပ်ငန်းစက်ရုံတွေမှာ အရင်က လက်ခစား စနစ်နဲ့လုပ်တာ မရှိခဲ့ဘူး။ ဒါပထမဆုံး လုပ်တာဖြစ်ပါတယ်။ အာဂျင်တီးနားက ငါးကို မက်ထရစ်တန် ၅၀ ကျော်သွင်းပြီး စလုပ်နေပါတယ်။ လုပ်ငန်းအပ်တာက မလေးရှားကုမ္ပဏီတစ်ခုပါ။ ကုန်ထွက်လာရင် မလေးရှားကို ပြန်ပို့ပေးရမှာ ဖြစ်ပါတယ်''ဟု  ၎င်းက ပြောကြားခဲ့သည်။
ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံများမှာ ပြည်ပတင်ပို့ရန်အတွက် လိုအပ်သည့် ငါးအရွယ်အစားရရှိရန် ကုန်ကြမ်းရှားပါးလာခြင်းများ ယခုနောက်ပိုင်းတွင် ကြုံတွေ့လာရသဖြင့် ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ လက်ခစားစနစ်ဖြင့် လုပ်ကိုင်ရန် စိတ်ဝင်စားကြခြင်းဖြစ်ပြီး လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားသည့် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၀ ခုခန့်ရှိကြောင်း သိရသည်။

ရေထွက်ကုန် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်သည့် ငါး/ပုစွန်ကုန်ကြမ်းများကို ရေချို၊ ရေချို/ရေငန်စပ်နှင့် ပင်လယ်မှဖမ်းဆီးခြင်းမှ ရရှိပြီး မွေးမြူရေးလုပ်ငန်းများမှလည်းရရှိကြောင်း သဘာဝမှရရှိသော ငါး/ပုစွန်များမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင်  လျော့နည်း ကျဆင်းလာကြောင်း သိရသည်။

ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ပြည်ပမှ ကုန်ကြမ်းသွင်း၍ လက်ခစားစနစ်ဖြင့် လုပ်ကိုင်နိုင်ရန် ၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ ကြိုးပမ်းခဲ့ပြီး ယခုမှသာ သရုပ်ပြ စမ်းသပ်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။