Sunday, July 1, 2012

မတ်လအတွင်း ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေ၌ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ

ပြီးခဲ့သည့်မတ်လအတွင်းက အသိမ်းခံရမည်ဟု သတင်းထွက်ခဲ့သော ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေယာများကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁/၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက် ရက်စွဲဖြင့် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ လယ်ယာမြေဥပဒေ၌ တောင်သူလယ်သမား၏ အကျိုးစီးပွားကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း ပြင်ဆင်ပြဌာန်းနိုင်ရန်
စီစဉ်နေကြောင်း ဇွန်လ၂၇ရက်နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သော စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG-The Food  Security Working Group)၊ မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group,LCG) ၏ လုပ်ငန်းစီမံချက်ကို တင်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း အခမ်းအနားတွင် ဆွေးနွေးပြောကြားချက်များအရ သိရှိရသည်။ 
အဆိုပါဆွေးနွေးပွဲသို့ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအန်ဂျီအိုများ၊ ကုလသမဂ္ဂနှင့် အလှူရှင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ လုပ်ငန်းရှင်၊ပညာရှင်များ၊ လယ်မြေအသိမ်းခံခဲ့ရသူများ စုစုပေါင်း ၈၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လယ်ယာမြေဥပဒေတွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ်မှု နည်းပါးနေပြီး လယ်ယာမြေအသိမ်းခံရမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေသောကြောင့် အဆိုပါဥပဒေအား တောင်သူလယ်သမားများ အကျိုးစီးပွား ကာကွယ်နိုင်မည့် ဥပဒေအဖြစ် ပြန် လည်သုံးသပ်ပြင်ဆင်ရန် စီစဉ်နေကြောင်း အဆိုပါအခမ်းအနားတွင် Land Core Group  ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားခဲ့သည်။
တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်သည့် လယ်ယာမြေဥပဒေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ရန် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်အဖွဲ့(FSWG) မြေလုပ်ငန်းအဖွဲ့ခွဲ (LCG )မှ ပြင်ဦးလွင်၊မန္တလေး အစရှိသောမြို့များရှိ လယ်လုပ်ကိုင်သူများထံ ကိုးလကြာ စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရှိရသည်။
''အားနည်းချက်တွေကို ပြင် ဦးလွင်မြို့၊ မန္တလေးမြို့ဝန်းကျင်မှာ စစ်တမ်းကောက်ခဲ့တယ်။ အခုပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို သြဂုတ်လမှာ NGO တွေ၊ မြေယာ ဥပဒေပညာရှင်တွေ၊ လက်တွေ့ စစ်တမ်းကောက်နေတဲ့သူတွေ စုစည်းပြီး သက်ဆိုင်ရာပညာရှင်တွေနဲ့ ပြန်လည်ပြုပြင်သွားမယ်''ဟု FSWG မှ Ms. Sue Mark က ပြောကြားသွားခဲ့သည်။
''ဒီပြဌာန်းထားပြီးတဲ့ လယ်မြေဥပဒေဟာ မပြည့်စုံဘူးလို့ ကျွန်တော်တို့ ထင်တယ်။ ပြည်စုံအောင် လုပ်ကိုလုပ်ရမယ်။ အစိုးရကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ တောင်သူလယ်သမားတွေကိုလည်း မနစ်နာစေချင်ဘူး။ အခုကျွန်တော်တို့ ကြားသိထားတာက လယ်ယာမြေဥပဒေကို ပြန်လည် သုံးသပ်မယ်။ အဲဒီအတွက် ရှေ့နေ ၁၂ဦးပါဝင်တဲ့ အဖွဲ့တွေ ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍလည်း ပါချင်တယ်။ လူမှုအခြေပြု အဖွဲ့အစည်းတွေလည်း ပါချင်တယ်။ UN က အဖွဲ့အစည်းတွေ အောက်ခြေအဆင့် လယ်သမားတွေလည်း ၀န်ကြီးဌာနကလူတွေ ပညာရှင်တွေ မျက်နှာစုံညီစည်းဝေးပြီး တောင်သူလယ်သမား အကျိုးကာကွယ်နိုင်မယ့် လယ်ယာမြေဥပဒေ ဖြစ်စေချင်ပါတယ်။ ဒါမှလည်း ပြီးပြည့်စုံတဲ့ လယ်ယာမြေဥပဒေ ပေါ်ထွက်လာမယ်လို့ ယူဆပါတယ်''ဟု Land Core Group  ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။
လယ်ယာမြေဥပဒေအား ပြန်လည်ပြင်ဆင်လိုသည့် အဓိကရည်ရွယ်ချက်မှာ ၂၀၁၄ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် မြေယာ(သစ်တောနှင့်စိုက်ပျိုးမြေ)နှင့် ပတ်သက်သော ဥပဒေရေးရာ အင်စတီကျူးရှင်းများတွင် တိကျသော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာပြီး အ သေးစား လယ်သမားငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများ၏ မြေယာပိုင်ဆိုင်လုပ်ပိုင်ခွင့်အား အကာအကွယ်ပေးနိုင်ရေးအတွက်ဖြစ်ကြောင်း အဆိုပါရှင်းလင်းဆွေးနွေးပွဲမှ သိရှိရသည်။
Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက လယ်ယာမြေဥပဒေ ပြင်ဆင်မည်ဆိုခြင်းနှင့် ပတ်သက်၍''အခုချိန်မှာ သမ္မတကြီးကလည်း ပြဿနာပေါင်းစုံနဲ့ အကျပ်ရိုက်နေတဲ့အချိန်ဆိုတော့ အောက်ခြေက တောင်သူလယ်သမားတွေကိစ္စကို သေချာဖြေရှင်းဖို့ လိုနေပြီ။ အဖြေရှာဖို့   အတွက် စနစ်တကျနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းရှာဖွေပြီး ဖြေရှင်းမှ ကောင်းပါမယ်။ မဟုတ်ရင် တောင်သူတွေပဲ အထိနာမှာလေ။ အောက်ခြေက ပြည်သူတွေရဲ့ခံစားချက်နဲ့ အထက်အဖွဲ့အစည်းက ပညာရှင်တွေ စုစည်းပြီးတော့ တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သေသေချာချာ မှတ်တမ်းတင်ပြီးတော့ စနစ်တကျ ဖြေရှင်းပေးသင့်တယ်။''ဟု သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦးက ''ဇွန်လ ၁၈ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ မြေယာခွဲဝေအသုံးချမှု စိစစ်ရေးကော်မတီမှာ ဒုဝန်ကြီးလေးပါးဦးဆောင်ပြီး အတွင်းရေးမှူးအဖြစ် သစ်တော ညွှန်ချုပ်နဲ့ကြေးတိုင်က ညွှန်ချုပ်တို့က ဆောင်ရွက်မယ်။ မြေယာဥပဒေနဲ့ သက်ဆိုင်တာတွေကို ပြန်လည်သုံးသပ်ပြီး မြေယာအခွန် ကောက်ခံမှုစနစ်ကို ပြန်ကြည့်မယ်။ မြေအသုံးချမှုနဲ့ပတ်သက်ပြီး လက်ရှိစည်းမျဉ်းတွေကို ပြန်သုံးသပ်ဖို့ လိုတယ်။ မကြာခင်မှာဖြစ်လာမယ့် လယ်မြေဥပဒေသစ်မှာ တောင်သူလယ်သမားတွေ အသုံးပြုသူ အခွင့် အရေးရသင့်တယ်၊ သူတို့ရဲ့လယ်မြေပိုင်ဆိုင်ခွင့်ကို ပယ်လို့မရဘူး''ဟုလည်း အဆိုပါဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။
၁၉၅၃ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအကျိုး ကာကွယ်သည့်ဥပဒေ၊ ဥပဒေ သုံးခုအား၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁။ ၂၀၁၂ ခုနှစ်၊ မတ်လ၃၀ရက်၊ ရက်စွဲဖြင့်  ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
''လယ်ယာမြေမှတ်ပုံတင်ဖို့ ကျွန်မတို့ရွာကနေ ဖားကန့်ကို လာဖို့ကလည်း လယ်မြေမှတ်ပုံတင်ကြေး ၅ ကျပ်၊ ၁၀ ကျပ်ဆိုပေမယ့် ခရီးစရိတ်က ကျပ်တစ်သိန်းလောက်မရှိဘဲနဲ့ သွားလို့မရဘူး။ တောင်သူလက်ထဲမှာလည်း ကျပ်တစ်ထောင်တောင် မလွယ်တဲ့အတွက် ဒီချလန်ကို သွားမယူနိုင်ဘူး။ ဒီလို မယူနိုင်တော့ ချလန်ကိုသိမ်းထားပြီး လယ်မြေနဲ့ ဥယျာဉ်ခြံတွေကို သိမ်းကြတာပါ''ဟု ဖားကန့်မြို့နယ်အတွင်း လယ်ယာနှင့် ဥယျာဉ်ခြံမြေ အသိမ်းခံခဲ့ရသူများတွင် ပါဝင်သော ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။