Sunday, July 1, 2012

အမေရိကန်ကုမ္ပဏီ ပက်စီအချိုရည်နှင့် မြန်မာကုမ္ပဏီ ဒိုင်းမွန်းစတားကုမ္ပဏီတို့ အကျိုးတူ ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ပြီး ကိုကာကိုလာကုမ္ပဏီမှ ၀န်ထမ်း စတင်ခေါ်ယူနေ

နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခုဖြစ်သော ပက်စီအချိုရည်နှင့် မြန်မာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီတို့ မြန်မာနိုင်ငံအတွင်း အကျိုးတူ ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ပြီး အခြားအမေရိကန် နာမည်ကျော် အချိုရည်တစ်ခုဖြစ်သည့် ကို ကာကိုလာကုမ္ပဏီမှ ၀န်ထမ်းစတင် ခေါ်ယူနေကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းအတွင်းမှ သတင်းရရှိပါသည်။

''ပက်စီနဲ့ ဒိုင်းမွန်းစတားကုမ္ပဏီ ပူးပေါင်းလုပ်သွားမယ်လို့ သိရတယ်။ ကိုကာကိုလာကတော့ ဘယ်သူနဲ့မှ မချိတ်သေးဘူး။ ၀န်ထမ်းတော့ စပြီးခေါ်နေတယ်။ မြန်မာ အချိုရည်ဈေးကွက်ကတော့ ပိုပြီး ယှဉ်ပြိုင်မှု များလာတော့မှာပါ''ဟု အချိုရည်ကုမ္ပဏီများနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။
ဒိုင်းမွန်းစတားကုမ္ပဏီအနေဖြင့် ပက်စီအချိုရည်ကို မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး လုပ်ငန်းစတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရပါသည်။ ထို့အတူ ကိုကာကိုလာကုမ္ပဏီ ကလည်း မြန်မာအိမ်နီးချင်းနိုင်ငံများမှ အချိုရည်များကို တင်သွင်းဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်မိတ်ဖက်ကို ရှာဖွေသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပက်စီကုမ္ပဏီသည် Pepsi-Cola ၊ Frito-Lay ၊ Tropicana ၊ Quaker ၊ Gatorade  အမှတ်တံဆိပ် စားသောက်ကုန်များကို အဓိက ထုတ်လုပ်ကြောင်း သိရသည်။ ပက်စီနှင့် ချိတ်ဆက်လုပ်ကိုင်မည့် မြန်မာစီးပွားရေးလုပ်ငန်းဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီသည် လုပ်ငန်း များစွာလုပ်ကိုင်သည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဂျုံလုပ်ငန်း၊ ဓာတ်မြေသြဇာလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးဖြန့်ချိရေးလုပ်ငန်း၊ ဈေးဝယ်စင်တာလုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
ပက်စီကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ၁၉၉၀ပြည့်နှစ်မှ ၁၉၉၇ခုနှစ်အထိ ၀င်ရောက်လုပ်ကိုင်ဖူးပြီး ထိုစဉ်က မြန်မာလုပ်ငန်းရှင်မိတ်ဖက်မှာ ယခု  Star Cola ၊ Crusher ၊ Quenchp သည့်အချိုရည်များကို ထုတ်လုပ်ဖြန့်ချိနေသည့် MGS ကုမ္ပဏီဖြစ်ပါသည်။ ထို့အတူ ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၂၇ ခုနှစ်မှ ၁၉၄၀ ကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ဖူးပြီး ယခုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် ၀န်ထမ်းစတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။
အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန်ပြည်ထောင်စုသမ္မတ ဘာရက်အိုဘားမားက ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က လျော့ပေါ့ပေးခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် အထွေထွေ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပြန်ပေးရန် စီစဉ်နေကြောင်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။