Sunday, July 1, 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်ရရှိသော ဘဏ္ဍာငွေခွဲတမ်းထဲမှ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ မြို့တော်၏ အဓိကလိုအပ်နေသော လမ်းတံတား၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် သုံးစွဲမည်ဟုသိရ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ရန်ကုန်မြို့တော်၏ လိုအပ်သည့်နေရာများတွင် ပြုပြင်အသုံးပြုရန် ငွေကျပ် ၅၅ ဒသမ ၅၂ ဘီလျံကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာငွေအစီအစဉ်မှ ခွဲတမ်းရရှိခဲ့ကြောင်း၊ ယင်းခွဲတမ်း ရရှိငွေ၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ မြို့တော်၏ အဓိက လိုအပ်နေသော လမ်းတံတား ပြုပြင်တည်ဆောက်ရေး၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဘဏ္ဍာငွေခွဲတမ်း ရရှိသည့်ငွေအနက်မှ လမ်းတံတား ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများအတွက် ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံး သုံးစွဲမည်ဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်းအတွက် ၁၇ ရာခိုင်နှုန်းနှင့် သန့်ရှင်ရေး လုပ်ငန်းတို့အတွက် ၁၁ ရာခိုင်နှုန်းဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းများအတွက်မူ ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း စသည်ဖြင့် သုံးစွဲသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်တွင် လက်ရှိ အဓိကလိုအပ်ချက်များနေသည့် အဆိုပါ ကဏ္ဍသုံးခုပေါင်းအတွက် ရရှိသော ဘဏ္ဍာငွေ၏ ၅၀ ရာခိုင်နှုန်းခန့်သာ သုံးစွဲမည်ဖြစ်ပြီး ယခုရရှိသော ဘဏ္ဍာငွေခွဲတမ်းတွင် ၀န်ထမ်းလစာများပါ ပါဝင်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်၏ လက်ရှိ လမ်းတံတား ကောင်းမွန်မှုအပိုင်းတွင်လည်း လိုအပ်ချက်များရှိနေပြီး မြို့တွင်းလမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများဖြစ်နေကြောင်း၊ လမ်းတံတားပြုပြင်ရေးအတွက် ဘဏ္ဍာငွေ၏ ၂၁ ရာခိုင်နှုန်းကို သုံးစွဲမည်ဖြစ်ရာ ငမိုးရိပ်တံတား(ပါရမီ) ဘေလီတံတားအသစ် အပြီးသတ်တည်ဆောက်ခြင်း၊ သုဓမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြန်လည်ခင်းကျင်းခြင်း၊ ဒေါ်သိန်းတင်လမ်းနှင့် သိမ်ဖြူလမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြန်လည်ခင်းကျင်းခြင်း၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ်ရှိ ရေမြောင်းတံတားများ ပြုပြင်ခြင်းနှင့် ရန်ကုန်တစ်မြို့လုံးရှိ လမ်းများအား ပြန်လည်ခင်းကျင်းမည့် လုပ်ငန်းစသည်တို့အတွက် သုံးစွဲမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မြို့နေလူထုအတွက် နေစဉ်မရှိမဖြစ်လိုအပ်သော ရေပေးဝေရေးလုပ်ငန်းအတွက် ဘဏ္ဍာငွေထဲမှ ၁၇ ရာခိုင်နှုန်းသာ သုံးစွဲမည်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် ရေလိုအပ်ချက်မှာ ဂါလန်သန်း ၁၈၀ ကျော်ဖြစ်သော်လည်း ရန်ကုန်မြို့တော်စည်ပင်အနေဖြင့် တစ်နေ့ဂါလန်သန်း ၁၆၀ သာပေးဝေနိုင်ပြီး မြို့တော်နေလူထု၏ ၆၅ ရာခိုင်နှုန်းကိုသာ ပေးဝေနိုင်ကြောင်း သိရှိရသည်။ ရေလိုအပ်ချက်အတွက် တစ်နေ့ ရေဂါလန် ၄၅ သန်း ထပ်မံ့ဖြည့်တင်းရရှိမည့် ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း ဒုတိယအဆင့်ကို ပြုလုပ်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။
မြို့တော်သန့်ရှင်ရေး လုပ်ငန်းမှာလည်း အရေးကြီးသည့် လုပ်ငန်းဖြစ်ရာ အဓိကအနေဖြင့် အမှိုက်သိမ်းစနစ်မှာ ယခုထက်ကောင်းမွန်ရန်နှင့် အမှိုက်ပုံမှန် လာရောက်သိမ်းမှုမရှိသည့်  မြို့နယ်များတွင် အမှိုက် ပုံမှန်လာရောက်သိမ်းဆည်းပေးရန် မြို့နေလူထုမှ မျှော်လင့်လျက်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်၏အတွင်း လိုအပ်သည့် ပြုပြင်မှုလုပ်ငန်းများ ပြုလုပ်ရန်တစ်နှစ်လျှင် ငွေကျပ် ၇၀ ဘီလျံခန့်သုံးစွဲနိုင်မှသာ လုံလောက်သည့် အနေအထားရှိကြောင်း၊ ယခုရရှိသည့် ဘဏ္ဍာငွေ ခွဲတမ်းမှာ ၅၅ ဒသမ ၅၂ ဘီလျံသာရှိသည့်အတွက် လိုအပ်သည့် ငွေကြေးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၀င်ငွေရလုပ်ငန်းများမှ ရှာဖွေမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။