Monday, July 23, 2012

 ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ စည်းရုံးမှုအချို့ကြောင့် ဒေသခံများစိုးရိမ်

7424
ရေ၀ပ်ဧရိယာရှိ ကျေးရွာအချို့အား ပြောင်းရွှေ့နေရာချထားသော အောင်မြင်သာ စံပြကျေးရွာကို တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်အတွင်းက ရပ်ဆိုင်းထားသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ စည်းရုံးမှုအချို့ကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အောင်မြင်သာ စံပြကျေးရွာသို့ တရုတ်နိုင်ငံ China Power Investment Corporation (CPI) မှ ကိုယ်စား လှယ်အချို့လာရောက်ကာ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသူ တစ်ဦးက ပြောပြသည်။
ယင်း အောင်မြင်သာစံပြကျေး ရွာသည် မြစ်ဆုံစီမံကိန်းကြောင့် ရေ၀ပ်ဧရိယာအတွင်း ကျရောက်မည့် တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံရွာတို့မှ ဒေသခံများအား ပြောင်းရွှေ့နေရာချထားသည့် ကျေးရွာဖြစ်သည်။
“CPI က အောင်မြင်သာမှာ ရွာသားတွေကို လိုက်စည်းရုံးတယ်။ အောင်မြင်သာရွာတင်မကဘဲ ဒုက္ခသည်စခန်းတွေမှာပါ လိုက်ပြီး ကူညီပါတယ်ဆိုပြီး စည်းရုံးသွားတယ်။ တရုတ်မီဒီယာတချို့မှာ ဒေသခံတွေက သူတို့အကူအညီကို လိုလားတယ်၊ ဆက်ဆံရေးက အဆင်ပြေနေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖော်ပြထားပါတယ်”ဟု အဆိုပါ ကချင်တိုင်းရင်းသူက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့က ပြောပြသည်။
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းသည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသနှင့် ကချင် ပြည်နယ်၏ မြို့တော် မြစ်ကြီးနား မြို့အကြား၌ တည်ရှိသည်။
ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့ ပူးပေါင်းပြု လုပ်သော ရေအားလျှပ်စစ်စီမံကိန်း များမှာ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာရေအား လျှပ်စစ် စီမံကိန်းတို့ဖြစ်ကာ စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၈၄၉၉ မဂ္ဂါဝပ် ဖြစ်ကြောင်း သိရှိရသည်။
မြစ်ဆုံစီမံကိန်းသည် စီမံကိန်း နှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု( EIA) ပြုလုပ်ထားသည် ဆိုသော်လည်း မပြည့်စုံမှု၊ ကချင်ပြည်နယ်ဒေသတွင်းတွင် သာမက ဧရာဝတီမြစ် စီးဆင်းရာဒေသ တစ်လျှောက် လူမှုရေး၊ စီးပွားရေး သက်ရောက် နိုင်ခြေရှိမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးနိုင်မှုတို့အတွက်ကြောင့် မီဒီယာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့အစည်းများ၊ပညာရှင်များ၊ ဒေသခံများ အပါအ၀င်နိုင်ငံတစ်ဝန်း ကန့်ကွက်မှုများရှိခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိမိတို့အစိုးရလက်ထက် တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ၂၀၁၂ ခုနှစ်အတွင်းသို့ ရောက်ရှိချိန်အထိ လုပ်ငန်းခွင် တစ်ဝိုက်၌ တရုတ်နိုင်ငံသားဝန်ထမ်း များရှိနေဆဲဖြစ်သည်။ ကျေးရွာများ မှပြောင်းရွှေ့ခဲ့ရသော ဒေသခံများသည် စီမံကိန်းရပ်ဆိုင်းသွားသည် ဆိုသော်လည်း မူလနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်သွားရောက် နေထိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။
ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီ မံကိန်းအား ပြန်လည်စတင်ရန် တရုတ်နိုင်ငံမှ နိုင်ငံရေးအကြံပေး တချို့ကတိုက်တွန်းကြောင်း၊ တရား ၀င်ဖြစ်သည့် ယင်းစီမံကိန်းသည် နှစ်နိုင်ငံ အကျိုးအမြတ်ရှိမည် ဖြစ်ကာ ဒေသခံပြည်သူများလည်း ထို့အတူပင်ဖြစ်ကြောင်း China Daily  က ၂၀၁၂ ခုနှစ်မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ဖော်ပြခဲ့ပါသည်။
အမေရိကန်ဒေါ်လာ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံစီမံကိန်းသည် ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားခဲ့ပြီး စက်တပ်ဆင်အား မဂ္ဂါဝပ် ၆၀၀၀ ရှိမည် ဖြစ်ကာ ပြီးစီးပါက တစ်နှစ်လျှင် ၂၉၄၀၀ ကီလိုဝပ်နာရီ လည်ပတ်နိုင်မည် ဖြစ်သည်ဟုလည်း သတင်းတွင် ပါရှိခဲ့သည်။
“တကယ်တော့ ကျွန်မတို့ ကချင်ပြည်နယ်က ဒေသခံတွေ ဘယ်သူကမှ ဒီစီမံကိန်းကို မလိုလားခဲ့ဘူး။ သမ္မတကြီးက ရပ်ဆိုင်းတယ် ဆိုတုန်းက ကျေးဇူးတင်တယ်။ ရပ်တယ်ဆိုပေမယ့် ဒီလိုလှုပ်ရှားမှု တွေ ရှိလာတဲ့အခါကျတော့ ကျွန်မ တို့ စိုးရိမ်တယ်”ဟု မြစ်ကြီးနားမြို့ မှ ဒေသခံတစ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်သည်၁၃၄၈ မိုင်ခန့် ရှည်လျားပြီး လူနေထူထပ်သော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးအချို့၏ မြို့တော်များကို ဖြတ်သန်းစီးဆင်းလျက် ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။